MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, February 4, 2012

သိထားသင့်တဲ့ စင်္ကာပူအကြောင်း ။

သယ်ယူပို့ဆောင်ရေး

စင်ကာပူ တစ်နိုင်ငံလုံးရဲ့ ဝင်ငွေကို တဘက်တလမ်းက အဓိက အထောက်အကူပေးနေတဲ့ ချန်ဂီ လေဆိပ်ကတော့ ကျော်ကြားလှပါတယ်။ Terminal သုံးခုရှိပြီး နောက်ဆုံးဖွင့်လိုက်တဲ့ Terminal 3 ကတော့ ခေတ်အမီဆုံးဖြစ်ပါတယ်။ ဗမာပြည်က လေယာဉ်တွေကတော့ Terminal 1 နဲ့ 2 မှာပဲ ရပ်ကြရပါတယ်။ သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်တာနဲ့အတူ ပြည်တွင်း ရေလမ်းခရီးမရှိပါဘူး။ စင်ကာပူမြစ်ကလေးထဲမှာတော့ ကမ္ဘာလှည့်တွေ အနေနဲ့ ပျော်စီးချင်ရင် မော်တော် အသေးစားလေးတွေ စီးနိုင်ပါတယ်။ ကုန်းလမ်းခရီးအနေနဲ့တော့ MRT ( Mass Rapid Transit) လို့ ခေါ်တဲ့ နိုင်ငံပတ်ရထားနဲ့ Bus တွေသုံးပါတယ်။ စင်ကာပူရဲ့ MRT Service ကတော့ နာမည်ကျော်လှပါတယ်။ ကမ္ဘာအရပ်ရပ်က သုံးစွဲသူတွေပေးတဲ့ Customer Service အကောင်းဆုံးဆုကို ၂၀၀၇ အတွက် SMRT က ရခဲ့ပါတယ်။ ဒေသခံ စင်ကာပူတွေကတော့ Bus နဲ့ ရထားကို အဆင်ပြေသလို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပေမယ့် မြန်မာ အများစုကတော့ ရထားကိုသာ အားထားနေကြပြီး အိမ်ရှာတဲ့အခါမှာလည်း ဘူတာနဲ့နီးလား ဆိုတဲ့ မေးခွန်းက အဓိက ကျနေတာမို့ MRT အကြောင်းလေးကို နည်းနည်းချဲ့ ပြောပြချင်ပါတယ်။


လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။ ဘူတာတွေ အနေနဲ့ တချို့က မြေအောက်မှာဖြစ်ပြီး တချို့ကတော့ မြေပေါ်မှာပဲ ရှိပါတယ်။ ရထားလမ်း ၂ ခုကနေ ၃ ခုဆုံတဲ့ ဘူတာတွေကို Interchange လို့ခေါ်ပြီး ရထား ပြောင်းစီးနိုင်ပါတယ်။ စင်ကာပူမှာ Interchange သိပ်မရှိလှဘဲ အကြီးဆုံး Interchange ကတော့ Dhoby Ghaut Interchange ပဲဖြစ်ပြီး မြေအောက်မှာ တခမ်းတနား ရှိပါတယ်။


ရထားစီးတဲ့အခါမှာ E-Z Link Card (Easy Link Card) လို့ခေါ်တဲ့ ငွေကြိုသွင်းထားရတဲ့ ကဒ်ကလေးတွေ ရှိဖို့လိုပါတယ်။ အဲဒီကဒ်လေးတွေနဲ့ ရထားစင်္ကြန်အဝင်ဝက Sensor တပ် ဂိတ်ပေါက်လေးတွေကို ဖြတ်ဝင်ရပါတယ် (Wheelchair စီးရတဲ့လူတွေ၊ ဒါမှမဟုတ် အိတ်အကြီးကြီးတွေ သယ်လာသူတွေ၊ ကလေး လက်တွန်းလှည်း တွန်းလာသူတွေအတွက် သီးသန့်ဝင်ပေါက်လေးတွေ ရှိပါတယ်)။ ကဒ်လေးကို Sensor ရှိတဲ့ နေရာလေးပေါ် တင်ပေးရတာပါ။ ကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရင်လည်း အိတ်အတိုင်း တင်လိုက်ရင် ရပါတယ်။ အဲဒီကဒ်နဲ့ ကားစီးလို့လည်း ရပါတယ်။ ကဒ်ထဲမှာ ငွေမရှိတော့အခါ ကားကို ပိုက်ဆံပေး စီးသွားနိုင်ပေမယ့် MRT ဆိုရင်တော့ ငွေဖြည့်ပြီးမှ စီးလို့ရပါတယ်။ ကဒ်ထဲ ငွေတစ်ခါဖြည့်ရင် SGD10 အနည်းဆုံး ထည့်ရပါတယ်။ ဒေါ်လာတစ်ဆယ် မထည့်နိုင်တဲ့အခါ One-Way Ticket လေးတွေလည်း ဝယ်သွားလို့ရပါတယ်။ တကယ်လို့ စင်ကာပူရောက်ခါစမို့ ကဒ်မရှိသေးရင် ဘူတာတိုင်းက Ticket Office ဒါမှမဟုတ် Passenger Service တွေမှာ ဝယ်လို့ရပါတယ်။ အဲဒီ Ticket Office (or) Passenger Service ဟာ ဘူတာမှာ သူငယ်ချင်းတွေ ချိန်းကြတဲ့အခါ ဆုံတဲ့နေရာလည်း ဖြစ်ပါတယ်။ ရထားစီးခကတော့ ပြား ၈၀ ကနေ ခရီးလမ်း(ခရီးအကွာအဝေး)ပေါ် မူတည်ပြီး ကုန်ကျပါတယ်။ ပုံမှန်တော့ ခရီးတစ်ကြောင်းကို SGD1.20 လောက်ကုန်ပါတယ်။


ဘူတာထဲ ဝင်လိုက်ပြီဆိုတာနဲ့ ကိုယ်စီးရမယ့် ရထား နောက် ဘယ်နှစ်မိနစ်မှာ ဆိုက်မလဲဆိုတာ ပြထားတဲ့ Digital Board တွေရှိပါတယ်။ အချိန်ကို ကြည့်ပြီး လိုရင်ပြေးသွား၊ စောသေးရင်လည်း ခပ်ဖြည်းဖြည်း သွားနိုင်အောင် စီစဉ်ပေးထားပါတယ်။ မြေအောက် ဘူတာတွေမှာတော့ ရထားလမ်းနဲ့ စင်္ကြန်ကို မှန်တွေ ကာထားပေမယ့် မြေပေါ်က ဘူတာတွေမှာတော့ အဝါရောင်စည်းတစ်ခုပဲ တားထားပြီး စည်းကို ကျော်ပြီး ရထားမစောင့်ဖို့ သတိပေးချက်တွေ အသံလွှင့်နေတတ်ပါတယ်။ အန္တရယ် အတော်များတာမို့ လိုအပ်ရင် ဝန်ထမ်းတွေ လာရောက် တားမြစ်လေ့ ရှိပါတယ်။ သို့တိုင်အောင် အဲဒီမြေပေါ် ဘူတာတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသူတွေအတွက် နေရာကောင်းဖြစ်နေဆဲပါ။ ရထားပေါ်မှာတော့ ထိုင်ခုံတွေကို လက်ဝဲနဲ့လက်ယာဘက်မှာ အလျားလိုက်စီထားပါတယ်။ မတ်တပ်ရပ် လိုက်ပါသူတွေအတွက် ရန်ကုန်က ဘတ်စ်တွေမှာလိုပဲ လက်ကိုင်ကွင်းတွေ ရှိပါတယ်။ Public Transport ဖြစ်ပေမယ့် စင်ကာပူထုံးစံအတိုင်း အမြဲသန့်ရှင်းပြီး အေးနေပါတယ်။ ရထားလမ်းနဲ့ဆိုင်တဲ့ သတိပေးချက်တွေ လွှင့်နေတတ်ပြီး ဘူတာနားနီးလာရင် ဘူတာနာမည်ကို ၂ ခါရွတ်ပေးပါတယ်။ တကယ်လို့ Interchange ဆိုရင်လည်း ရထားပြောင်းစီးဖို့ သတိပေးတတ်ပါတယ်။ ရထားပေါ်မှာ စီးပွားရေး ကြော်ငြာ အနည်းငယ်နဲ့အတူ MRT မြေပုံတွေကိုလည် အတွဲတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ လူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်တာမို့ ရထားတွဲတိုင်းနဲ့ ဘူတာတွေမှာ အရေးပေါ် ဆက်သွယ်ရေး Intercom နဲ့ တယ်လီဖုံးတွေ ရှိပါတယ်။ ဘယ်လို ဆက်သွယ်ရမယ် ဆိုတာကိုလည်း အမြဲသရုပ်ပြတဲ့ TV တွေ ဘူတာစင်္ကြန်တိုင်းမှာ ရှိနေပါတယ်။


ကားတွေကတော့ နေထိုင်တဲ့ ဇုံအလိုက် နံပတ်တွေနဲ့ရှိပါတယ်။ အဓိကကားပြေးဆွဲပေးနေတဲ့ ကုမ္ပဏီ ၂ ခုရှိပါတယ်။ SMRT နဲ့ SBS Transit ပါ။ SMRT က နှစ်စီးတွဲကားတွေနဲ့ ပြေးဆွဲလေ့ရှိပြီး SBS ကတော့ ၂ ထပ်ကားကြီးတွေ သုံးပါတယ်။ ရန်ကုန်မှာလိုပဲ လမ်းတစ်လျှောက် ပတ်ပြီး ထွက်တဲ့ ဂိတ်မှာ ပြန်ဆုံးတဲ့ Loop ကားရှိသလို၊ ဒီဘက် ဂိတ်ကနေ ဂိတ်အဆုံးကို သွားတဲ့ကားတွေလည်း ရှိပါတယ်။ မှတ်တိုင်တွေမှာ တားတဲ့လူရှိမှ ဒါမှမဟုတ် ဆင်းမယ့်လူရှိမှပဲ ရပ်ပါတယ်။ စီးမယ့်လူကိုလည်း စောင့်နေလေ့မရှိပါဘူး။ အတက်အဆင်းပြီးတာနဲ့ ထွက်တာပါပဲ။ ကားပေါ်တက်တဲ့အခါ MRT ဂိတ်မှာလိုပဲ EZ Link ကဒ်လေးကို Sensor ပေါ်တင်ပေးလိုက်ရပါတယ်။ ပြန်အဆင်းမှာလည်း တစ်ခါပြရပါတယ်။ ကျသင့်ငွေကို ကဒ်ထဲကနေ နှုတ်ယူထားထားလိုက်ပါတယ်။ ကဒ်ထဲမှာ ငွေမကျန်တဲ့အခါ ပြား ၈၀ ထည့်ပြီး စီးလို့ရပါတယ်။ အကြွေမပါတဲ့အခါ၊ ကျပ်စေ့မပါတဲ့အခါ ငွေပြန်အမ်းတဲ့ အလုပ်ကို ကားမောင်းသူ Bus Captain တွေက မလုပ်ပါဘူး။ တံခါးအဖွင့်အပိတ်တွေကိုတော့ ယာဉ်မောင်းတွေကပဲ လုပ်ပေးပါတယ်။ ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ရောက်ရင်တော့ ကားပေါ်က အချက်ပေးခလုတ်ကို နှိပ်ရင် ယာဉ်မောင်းက ရပ်ပေးမှာဖြစ်ပါတယ်။ ကားထွက်ပြီးမှ နှိပ်ရင်တော့ နောက်မှတ်တိုင်မှာပဲ ဆင်းရပါလိမ့်မယ်။ ထူးခြားတာကတော့ ယာဉ်မောင်းအချို့ဟာ လက်အိတ်ဖြူတွေ စွပ်ထားတတ်တဲ့ အမျိုးသမီးတွေ ဖြစ်နေတာပါပဲ။


နောက်ထပ်အသုံးများတဲ့ Service ကတော့ Taxi ပဲ ဖြစ်ပါတယ်။ Taxi တွေကိုတော့ မြန်မာတွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ Comfort, Silver Cab စတဲ့ ကုမ္ပဏီတွေက အဓိကပြေးဆွဲပြီး မာစီးဒီးစ်တွေကို တက္ကစီ လုပ်ထားတဲ့ Limocab လို ကုမ္ပဏီကြီးတွေလည်း ရှိပါတယ်။ ပုံမှန်ကတော့ ဂျပန်လုပ် Crown နဲ့ Cedric ကားတွေ၊ ကိုရီးယားလုပ် Hyundai ကားတွေ အသုံးများပါတယ်။ အခြားအမျိုးအစားကတော့ အတော်ရှားပါတယ်။ တက္ကစီတွေဟာ ခရီးသည်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အဲကွန်းဖွင့်ထားကြပါတယ်။ ကားခဟာ မီတာနဲ့ဖြစ်ပြီး သွားတဲ့ခရီးအကွာအဝေးနဲ့လည်း ဆိုင်သလို သွားတဲ့အချိန်၊ လမ်းကြေးပေးရတဲ့ လမ်းကိုဖြတ်၊ မဖြတ် စတာတွေနဲ့လည်း ဆိုင်ပါတယ်။ ကားပေါ်တက်ပြီး ခရီးစထွက်တာနဲ့ SGD2.80 ပေးရပြီး ကျန်တာကတော့ သွားတဲ့ခရီးကိုလိုက်ပြီး ပေးရမှာပါ။ စောင့်ရရင်လည်း ငွေပေးရပါတယ်။ ကုမ္ပဏီအကြီးတွေက ကားတွေကိုစီးရင်တော့ ငွေကို Nets, Credit Card စတာတွေနဲ့လည်း ပေးလို့ရပါတယ်။


ကိုယ်ပိုင်ကားအများစုကတော့ ခေတ်မီ နောက်ဆုံးပေါ်ကားတွေ ဖြစ်ပါတယ်။ ကားတွေကို သက်ဆိုင်ရာ ကားကုမ္ပဏီတွေက တိုက်ရိုက် ရောင်းတာရှိသလို Agent တွေကနေတဆင့်လည်း ဝယ်လို့ရပါတယ်။ ကားဝယ်တဲ့အခါမှာ COE (Certificate of Entitlement)၊ အာမခံကြေး၊ လမ်းခ၊ အင်ဂျင်ခွန်စတာတွေ မပေးမနေရ ပေးရပြီး ကားခကိုတော့ အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ တချို့ Installment Plan တွေဟာ ၁၀ နှစ်အထိ ဆန့်ထားလို့ရပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ ကြားရက်ညပိုင်းတွေပဲ မောင်းလို့ရတဲ့ နံပတ် အနီကားဆိုရင်တော့ တော်တော်သက်သာတဲ့ ဈေးနှုန်းနဲ့ရပါတယ်။ ဓါတ်ဆီကိုတော့ သွားရင်းလာရင်း ကြုံတဲ့ဆိုင်မှာ ထည့်လို့ရပါတယ်။ စင်ကာပူမှာ ဈေးကြီးတယ်လို့ ညည်းညူကြတဲ့အထဲမှာ ကားရပ်နားခနဲ့ ရပ်နားဖို့ နေရာခက်ခဲတာက ထိပ်ဆုံးက ပါပါတယ်။ လမ်းအများစုက တစ်လမ်းမောင်းတွေဖြစ်လို့ သွားချင်တဲ့ခရီးကို ကွေ့ပတ်သွားရလေ့ရှိပါတယ်။



နေထိုင်မှုစနစ်

စင်ကာပူရဲ့ နေထိုင်မှုစနစ်ကတော့ အတော်ပဲ ရိုးရှင်းပြီး customize လုပ်ခွင့်နည်းပါးတာကို တွေ့ရပါတယ်။ နေရာတိုင်းမှာ တွေ့ရတတ်တဲ့ အစိုးရတိုက်ခန်း (HDB Flat) တွေ၊ ရန်ကုန်က ကွန်ဒိုတွေလောက် မခမ်းနားတဲ့ အဆင့်မြင့်တိုက်ခန်းကွန်ဒိုတွေနဲ့ လုံးချင်းအိမ် အနည်းအကျဉ်းသာ ရှိပါတယ်။ အထပ်မြင့်မြင့်တွေ ဆောက်ထားလေ့ရှိတဲ့ HDB တိုက်တွေတိုင်းမှာ ဓါတ်လှေခါး၊ အမှိုက်သွန်တဲ့စနစ်၊ Cable TV စနစ်၊ Gas ပိုက်လိုင်း၊ ဖုံး၊ ရေပူရေအေးစနစ် စတာတွေ အဆင်သင့်ပါတတ်ပြီး တော်တော်ဟောင်းတဲ့ တိုက်အချို့မှာသာ Gas ပိုက်လိုင်း မပါတာမျိုး ရှိတတ်ပါတယ်။ ဓါတ်လှေခါးဆိုလည်း အထပ်တိုင်းမှာ မရပ်တာမျိုးရှိတတ်ပါတယ်။ ကျန်တာတွေကတော့ တိုက်ခန်းမှန်ရင် အပြည့်အစုံ ပါတာတွေချည်းပါပဲ။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပါတဲ့ တိုက်ခန်းတွေကို 2+1 လို့ သုံးနှုန်းကြပြီး 3+1 ဆိုရင် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်းပါ။ ဒီနေရာမှာ တိုက်ခန်းနဲ့ ပတ်သတ်ပြီး စင်ကာပူရောက် မြန်မာတွေ အခန်းငှားကြတာ၊ အတူစုပေါင်းနေကြတာလေးတွေကို ဖေါ်ပြချင်ပါသေးတယ်။


အိမ်ငှားကြတယ်ဆိုပေမယ့် တကယ်တော့ ကျောတခင်းစာ၊ လူတစ်ယောက်စာကိုပဲ အဓိကငှါးကြတာများပါတယ်။ အိမ်ငှားတဲ့အခါမှာ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာကို အဓိက ဦးစားပေးရှာကြရသလို ဈေးနှုန်းသက်သာတဲ့ အိမ်ခန်း၊ လူသိပ်မများတဲ့ အိမ်ခန်းကိုလည်း ရွေးရပါတယ်။ အိမ်ရှင် စင်ကာပူလူမျိုး၊ မလေးရှားလူမျိုးတို့နဲ့ အတူနေရတဲ့ အခန်းတွေ ရှိသလို မြန်မာအိမ်ရှင်နဲ့ နေရတဲ့ အိမ်တွေလည်း ရှိပါတယ်။ အိမ်ရှင်တွေက Master Bedroom လို့ခေါ်တဲ့ ရေချိုးခန်းတွဲပါတဲ့ အခန်းတွေမှာ နေလေ့ရှိပြီး အိမ်ငှါးတွေကတော့ သာမန်အခန်းတွေမှာ ၂ ယောက်တစ်ခန်း၊ ၃ ယောက်တစ်ခန်း စသည်ဖြင့်နေကြပါတယ်။ တချို့မြန်မာတွေကတော့ အိမ်ရှင်ဆီကနေ တစ်အိမ်လုံးငှါးပြီး အခန်းလေးတွေကို ပြန်ငှါးတတ်ကြပါတယ်။ အဲဒီလူမျိုးကို သူကြီးလို့ ခေါ်ကြပြီး သူက အိမ်လခ၊ ရေဖိုး၊ မီးဖိုး စတာတွေကောက်ခံ စုဆောင်းပေးရလေ့ရှိပါတယ်။ ရံဖန်ရံခါ အိမ်ငှါးချင်းတက်တဲ့ ပြဿနာတွေကိုလည်း ရှင်းပေးရတတ်ပါတယ်။


အိမ်ခန်းကတွေက နေရာလိုက်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ အဓိကကတော့ မြို့ထဲနဲ့ နီးတဲ့နေရာ၊ ဘူတာနဲ့ နီးတဲ့နေရာဆို အိမ်ဈေးတွေ ကောင်းပါတယ်။ တစ်အိမ်လုံးငှါးရင် SGD1800~2300 ကြားလောက်ပေးရတတ်ပြီး အိမ်ကောင်းရင်၊ နေရာကောင်းရင် ပိုများတတ်ပါတယ်။ ၂ ယောက်တွဲနေရမယ့် အခန်းငယ်တစ်ခန်းစီအတွက် တစ်ယောက်ကို ၂၈၀-၃၇၀ လောက်ပေးရတတ်ပါတယ်။ စဖေါ်တစ်လစာလည်း ပေးရပါတယ်။ PUB လို့ခေါ်တဲ့ ရေခွန်၊မီးခွန်၊ဂက်စ်ခွန်ကတော့ အိမ်ရှင် အနေအထားကို လိုက်ပြီး တခါတလေ အပြီးအစီးပါတတ်ပြီး တခါတလေတော့ ထပ်ဆောင်းပေးရတတ်ပါတယ်။ Internet ကတော့ Optional သဘောမျိုးဖြစ်ပြီး သုံးမယ်ဆို SGD20 လောက် ထပ်ပေးရတတ်ပါတယ်။ မြန်မာတွေကတော့ Boonlay, Jurong East, Clementi, Woodlands, Ang Mo Kio, Toa Payoh, Eunos, Serangoon, Senkeng, Tampines စတဲ့ အရပ်တွေမှာ အနေများပါတယ်။ ပုံမှန် HDB အခန်းအတော်များများကတော့ အခန်းအနေအထား မဆိုးလှပါဘူး။ သိပ်မကျဉ်းသလို၊ ကျုယ်လှတယ်လို့လည်း မဟုတ်ပါဘူး။ အိမ်တွေရဲ့ အခင်းက ကျောက်ပြားခင်းတွေ ဖြစ်ပါတယ်။ အခန်းငှါးတဲ့အခါ ပုံမှန်အားဖြင့် ကုတင်၊ မွေ့ယာ၊ ပန်ကာ၊ အဝတ်ဘီရိုနဲ့ စာကြည့်စားပွဲလောက်တော့ ပါပါတယ်။ တအိမ်လုံးငှါးတယ်ဆိုရင်တော့ ဧည့်ခန်းအဆောင်အယောင်တွေနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ တွဲပါရပါတယ်။ အခန်းတစ်ခန်းကို ၂ ယောက်တွဲနေကြမယ်ဆိုရင် ချက်ပြုတ်ခွင့်ရမရ၊ ဆေးလိပ်သောက်ခွင့်၊ ဧည့်သည်လာခွင့် စတာတွေကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။ အရင်က ယောက်ျားလေးတွေချည်းပဲနေကြ၊ မိန်းကလေးတွေချည်းပဲ နေကြပေမယ့် ခုနောက်ပိုင်းမှာတော့ 2+1 အိမ်မှာ ယောက်ျားလေးတွေက တစ်ခန်း၊ မိန်းကလေးတွေက တစ်ခန်းစုနေတာမျိုးတွေ ရှိလာပါတယ်။ စင်ကာပူရောက် မြန်မာအများစုဟာ အလုပ်နဲ့ကျောင်းကို အချိန်ပြည့်နီးပါး အချိန်ပေးနေရလို့ အိမ်ပြန်ရောက်တဲ့အခါ အိပ်ရုံလောက်ပဲ အသုံးချရတတ်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ခန်း၊ မိန်းမတစ်ခန်းနေလည်း ပြဿနာမရှိလှဘူးလို့ တွေးလာကြတာလည်း ဖြစ်ပါတယ်။ အိမ်ခန်းလိုချင်တဲ့အခါ အချင်းချင်း နီးစပ်ရာမေးကြသလို ပင်နီစူလာပလာဇာက သပြေနုဆိုင် (ဒေါ်သန်းသန်းနုဆိုင်၊ ၅ လွှာ)လို၊ Clementi က ကောင်းစုံလို ဆိုင်တွေမှာ အခန်းလိုချင်တဲ့ လူတွေနဲ့ အခန်းလွတ်ရှိတဲ့လူတွေ သတင်းပေးတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲဒီမှာ သွားရှာပြီး ဖုံးကိုဆက်မေး၊ အိမ်သွားကြည့်နဲ့ အဆင်ပြေတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Online မှာ Website တွေတင်ပြီးလည်း အခမဲ့ ကူညီကြပါတယ်။

မြန်မာအများစုကတော့ အထက်မှာရေးခဲ့တဲ့အတိုင်း HDB အခန်းတွေမှာသာ နေလေ့ရှိပြီး JTC လို့ခေါ်တဲ့ နည်းနည်းဈေးသက်သာတဲ့ အခန်းတွေမှာလည်း နေလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒိုတွေမှာတော့ နေခဲလှပါတယ်။ အခန်းခဈေးကြီးသလို ကွန်ဒိုအများစုဟာ ဘူတာနဲ့ အတော်လေးလှမ်းတဲ့နေရာတွေမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိတတ်လို့ပါပဲ။ ကွန်ဒိုမှာနေသူတွေအနေနဲ့တော့ ရေကူးကန်၊ အားကစားခမ်းမ စတဲ့ အထူးခံစားခွင့်တွေကိုလည်း ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Public Transport လို့ခေါ်တဲ့ ရထား၊ ဘတ်စ်ကားတွေကို အားကိုးနေရသူတွေ များနေဆဲဖြစ်လို့ HDB ဒါမှမဟုတ် JTC အခန်းတွေကသာ အဆင်ပြေတတ်ကြောင်း ဖေါ်ပြလိုက်ရပါတယ်။



ပညာရေးစနစ်

စင်ကာပူရဲ့ အခြေခံပညာအဆင့်ကို Primary နဲ့ Secondary ဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ Primary ဟာ မတက်မနေရ ၆ နှစ်တက်ရမှာဖြစ်ပြီး ပထမ ၄ နှစ်ကို Foundation (အခြေခံအဆင့်) လို့ သတ်မှတ်ပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား (တရုတ်၊ မလေး၊ တမီးလ်) နဲ့ သင်္ချာတို့ကို အဓိကထားပြီး သင်ကြားပါတယ်။ အခြားဘာသာရပ်တွေအနေနဲ့ စာရိတ္တ၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားကစား စတဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ သိပ္ပံဘာသာရပ်တွေကိုတော့ P3 လို့ခေါ်တဲ့ တတိယနှစ်ကစပြီး သင်ပေးပါတယ်။ Primary ၆ နှစ်ရဲ့ နောက်ဆုံး ၂ နှစ်ကိုတော့ Orientation (Secondary အတွက် မိတ်ဆက်အဆင့်) လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ပထမ ၄ နှစ်ပြီးရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သင့်တော်တဲ့ အတန်းတွေ ထပ်မံခွဲခြားလိုက်ပြီး လက်ကျန် ၂ နှစ်မှာ သင်ရိုးလည်း နည်းနည်းကွာသွားတာကို တွေ့ရပါတယ်။ EM1, EM2 နဲ့ EM3 (English and Mother Tongue at 1st, 2nd and 3rd language) ဆိုပြီး အဆင့် ၃ ခုခွဲပြီး သင်ကြားပေးပါတယ်။ ဒီ Primary ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ PSLE လို့ အတိုကောက်ခေါ်တဲ့ Primary School Leaving Examination ပဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ရလဒ်ကိုအခြေခံပြီး ကလေးတွေဟာ Secondary မှာ မတူညီတဲ့ သင်ရိုးတွေကို သင်ကြားရမှာဖြစ်လို့ ဒီစာမေးပွဲဟာ အလွန်ပဲ အရေးကြီးလှပါတယ်။


Primary မှာ ၆ နှစ်သင်ကြားပြီးလို့ စာမေးပွဲကြီးပြီးတဲ့အခါမှာ Secondary ကို တက်ရောက်ခွင့်ရကြပါတယ်။ အခြေခံအားဖြင့် Secondary ကို Express (အထူးတန်း) ၊ Normal (Academic) (သာမန်ပညာရေး) နဲ့ Normal (Technical) (သာမန်အသက်မွေးဝမ်းကျောင်း) ဆိုပြီး ၃ ခုခွဲထားပါတယ်။ ဒီ ၃ ခုအပြင် Special ဆိုတဲ့အတန်းတစ်ခုလည်း ရှိပါသေးတယ်။ Special နဲ့ Express ရဲ့ အဓိကကွာခြားချက်က မိခင်ဘာသာစကားကို ပုံမှန်ပဲသင်မလား၊ အဆင့်မြင့်သင်မလားဆိုတာပဲကွာလို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ စင်ကာပူ ပညာရေးကို လေ့လာမယ်ဆိုရင် ဒီ Secondary အဆင့်ဟာ အရှုပ်ထွေးဆုံးလို့ ပြောလို့ရပါတယ်။ ပထမဆုံး Express ကိုရှင်းပြပါမယ်။


Express အတန်းကို တက်ခွင့်ရသူတွေဟာ PSLE မှာ အမှတ်အကောင်းဆုံးနဲ့ အောင်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Secondary (Express) ကို ၄ နှစ်တက်ရပြီး နောက်ဆုံးအတန်းတင်စာမေးပွဲကတော့ GCE 'O' Level စာမေးပွဲပဲဖြစ်ပါတယ်။ မသင်မနေရဘာသာတွေကတော့ အင်္ဂလိပ်စာ၊ သချာင်္နဲ့ မိခင်ဘာသာစကားတို့ပဲဖြစ်ပါတယ်။ တကယ်လို့ မိခင်ဘာသာစကားကို အဆင့်မြင့် (Higher Mother Tongue) မဟုတ်ဘဲ သာမန်ပဲသင်ယူခဲ့မယ်ဆိုရင် GCE 'O' Level ပြီးတဲ့အခါ Polytechnic ဒါမှမဟုတ် Junior College တို့မှာ မိခင်ဘာသာစကား တစ်နှစ်ထက်တက်ရမှာ ဖြစ်ပါတယ်။ Secondary ကျောင်းသားတွေဟာ မသင်မနေရဘာသာတွေအပြင် သိပ္ပံဘာသာတွဲကိုလည်း တက်ကြလေ့ရှိပါတယ်။


နောက်ထပ် Secondary တစ်မျိုးကတော့ Normal (Academic) ပဲဖြစ်ပါတယ်။ ဒီအတန်းကို တက်ကြတဲ့ ကျောင်းသားတွေဟာ Express ကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့သူတွေ ဖြစ်ပါတယ်။ Normal (Academic) ကိုလည်း ၄ နှစ်တက်ရပြီး ဒီအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ GCE 'N' Level ဖြစ်ပါတယ်။ တကယ်လို့ 'N' Level မှာ အမှတ်ကောင်းတယ်ဆိုရင်တော့ 'O' Level ကို တက်ခွင့်ရှိပါတယ်။ (ဒါကြောင့် တချို့က ၅ နှစ်တက်ရတယ်လို့ 'O' Level အထိမှန်းပြီး ပြောကြပါတယ်) အမှတ်မမီရင်တော့ ITE လို့ခေါ်တဲ့ အစိုးရအသိအမှတ်ပြု နည်းပညာအောင်လက်မှတ်တန်းတွေကို တက်ရမှာဖြစ်ပါတယ်။


နောက်ဆုံး Secondary တစ်မျိုးကတော့ Normal (Technical) ပဲဖြစ်ပါတယ်။ ဒီမှာလည်း ၄ နှစ်တက်ရပြီး နောက်ဆုံးစာမေးပွဲကြီးက GCE 'N' Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုင်းကအောင်လာတဲ့ ကျောင်းသားတွေဟာ 'O' Level ဖြေဆိုခွင့်မရှိဘဲ ITE ကိုသာ တက်ရပါတယ်။ Normal (Academic) နဲ့ Normal (Technical) တို့ဟာ 'N' Level ဖြေတာချင်းတူပေမယ့် သင်ရိုးတွေမတူပါဘူး။ Academic မှာ ပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာတွေကို ဦးစားပေးသင်ကြားလေ့ရှိပြီး Technical မှာ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ဘာသာရပ်တွေများပါတယ်။ Secondary ၃ မျိုးမှာ ထူးချွန်ရင် ထူးချွန်သလို အတန်း ကူးပြောင်းတက်ခွင့်ရှိပါတယ်။


Secondary ကျောင်းသားတွေဟာ သူတို့ရဲ့ GCE 'O' ဒါမှမဟုတ် 'N' Level အမှတ်ပေါ်မူတည်ပြီး Poly တက်မယ်၊ JC တက်မယ်၊ ဒါမှမဟုတ် GCE 'A' Level ဆက်တက်မယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ အမှတ်ပေးပုံစံလေးကိုလည်း တင်ပြချင်ပါတယ်။ စင်ကာပူရဲ့ GCE စာမေးပွဲတွေဟာ အင်္ဂလန်နိုင်ငံက Cambridge University နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံအခြေအနေနဲ့ အဖြေလွှာတွေကို ပြည်တွင်းမှာပဲ အမှတ်ခြစ်နိုင်ပေမယ့် ဘာသာအများစုကို အင်္ဂလန်ပို့ပြီး မိခင်တက္ကသိုလ်ကြီးမှာ ခြစ်စေပါတယ်။ ဒါကြောင့် စာမေးပွဲအောင်သူတွေဟာ အလွန်ပဲ ဂုဏ်ယူကြပါတယ်။ အမှတ်ပေးစနစ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • A1/A2 (Distinction)
  • B3/B4 (Merit)
  • C5/C6 (Credit/Pass)
  • D7 (Sub-Pass/fail, that is, passing at a lower standard in the exam or fail)
  • E8/F9 (Fail)


A,B,C တွေရဲ့ နောက်က ၁၊၂၊၃ တွေဟာ သူတို့ရဲ့ အမှတ်တွေဖြစ်ပါတယ်။ GCE စာမေးပွဲတွေပြီးလို့ Post-Secondary ကျောင်းတွေ (ဥပမာ။ Poly) တက်မယ်ဆိုရင် L1R5 ဒါမှမဟုတ် L1R4 စသည်ဖြင့်သတ်မှတ်ပြီး တောင်းပါတယ်။ L ဆိုတာက ဘာသာစကား (အင်္ဂလိပ် သို့မဟုတ် အခြားမိခင်ဘာသာစကား) ဖြစ်ပြီး R ကတော့ သက်ဆိုင်ရာ အခြားအကောင်းဆုံး ဘာသာရပ်များဖြစ်ပါတယ်။ တစ်ခု သိထားရမှာက အမှတ်ပေါင်းနည်းလေ၊ ကောင်းလေဖြစ်ပါတယ်။ ဥပမာ L1R4 ကို ၁၈ တောင်းတယ်ဆိုရင် ဘာသာစကားနဲ့ အခြား ဆက်စပ်ဘာသာတွေထဲက အကောင်းဆုံး ၄ ခုပေါင်းဟာ ၁၈ မှတ်ထက်ကျော်လို့မရပါဘူး။ အများဆုံး ၁၈ ဖြစ်ရမယ်လို့ဆိုလိုပါတယ်။ စာမေးပွဲတွေကို အစိုးရကျောင်းသားအနေနဲ့ တစ်ကြိမ်သာ ဖြေခွင့်ရှိပြီး အမှတ်မကောင်းလို့ နောက်တစ်ကြိမ်ဖြေခွင့်မရပါဘူး။ နောက်တစ်ကြိမ်ဖြေချင်သူတွေ၊ စာမေးပွဲ ၂ ခုခွဲဖြေချင်သူတွေကတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ တက်ပြီး Private Candidate အနေနဲ့ ဖြေခွင့်ရှိပါတယ်။ အဲဒီကအမှတ်ကိုလည်း အစိုးရကျောင်းက အမှတ်လိုပဲ အသုံးချနိုင်ပါတယ်။

မြန်မာတွေနဲ့ မစိမ်းလှတဲ့ Polytechnic တွေ၊ Junior College တွေ စတာတွေကို Post-Secondary လို့ခေါ်ပါတယ်။ တက္ကသိုလ်မတက်ခင် တက်ကြရတာပါ။ မြန်မာ့ပညာရေးနဲ့ အဓိကကွာဟနေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရပါတယ်။ Y.T.U (ယခင် Y.I.T ) ကို တက်ချင်ရင်တော့ G.T.C (ယခင် G.T.I) က တဆင့်ဝင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ GCE 'O' Level မှာ Poly ဝင်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီမှာ လိုအပ်တဲ့ အမှတ်တွေရရင် ၃ နှစ်တက်ရတဲ့ Poly Diploma Course ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာတွေ သိကြတဲ့အတိုင်း စင်ကာပူမှာ Poly ၅ ကျောင်းရှိပြီး Republic Poly ကတော့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ Poly တွေမှာ ယခင်က Engineering တွေကိုပဲ အဓိကထားသင်ကြားခဲ့ကြပေမယ့် ခုတော့ Business, Art စတဲ့ ဘာသာရပ်တွေကိုလည်း ကမ္ဘာ့အဆင့်မီ သင်ကြားပေးနေပြီဖြစ်ပါတယ်။ Poly သင်ရိုးညွှန်းတမ်းတွေဟာ 'O' Level နဲ့ 'A' Level ကို အခြေခံထားတာဖြစ်ပါတယ်။

'O' Level အောင်ပြီးသူတွေအတွက် အခြားနည်းလမ်းတစ်ခုကတော့ Junior College နဲ့ Centralised Institute မှာ တက်ရောက်သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ JC ဝင်ခွင့်ရဖို့အတွက် L1R5 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပြီး CI ဆိုရင် L1R4 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပါတယ်။ အဲဒီ ကျောင်းတွေမှာတော့ GCE 'A' နဲ့ ညီမျှတဲ့ ပညာရေးကို ၂ နှစ်ကြာသင်ကြားပါတယ်။ နောက်ဆုံး စာမေးပွဲကြီးကတော့ Cambridge ကစစ်တဲ့ GCE 'A' Level ပဲဖြစ်ပါတယ်။

'A' Level ဒါမှမဟုတ် Poly ပြီးသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြပါတယ်။ စင်ကာပူမှာ အဓိက တက္ကသိုလ်ကြီး ၄ ခုရှိပြီး ၂ ခုက အစိုးရပိုင်ဖြစ်ပြီး ၂ ခုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ အစိုးရပိုင် တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ National University of Singapore (NUS) နဲ့ Nanyang Technological University (NTU) တို့ဟာ နာမည်ကြီးသလောက် အဆင့်အတန်း၊ သင်ရိုး၊ ကျောင်းအဆောက်အဦး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေဟာလည်း ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။ ကျောင်းတစ်ကျောင်းစီကို တစ်နှစ် ကျောင်းသားအင်အား ၂ သောင်းလောက် လက်ခံသင်ကြားပေးနေပြီး ဒေါက်တာဘွဲ့အထိ သင်ကြားနိုင်ပါတယ်။ Resarch & Development အတွက်လည်း အများကြီး စီမံပေးထားပါတယ်။ NUS ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းဝင်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဂုဏ်ယူစရာကောင်းတာက အဲဒီလို တက္ကသိုလ်ကြီးတွေမှာ မြန်မာအမြောက်အမြားဟာ ဘွဲ့အမျိုးမျိုးကို ဆွတ်ခူးခဲ့ကြပြီးသလို ဆက်လက်သင်ယူနေကြတုန်း ဖြစ်နေတာပါပဲ။ စင်ကာပူ တက္ကသိုလ်ကြီး ၄ ခု အနက်က ပုဂ္ဂလိကပိုင် ၂ ခုကတော့ Singapore Management University (SMU) နဲ့ Singapore Institute of Management (UniSIM) တို့ပဲ ဖြစ်ပါတယ်။ SMU ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုပေမယ့် အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးထားပြီး အဆင့်မီတက္ကသိုလ်ဖြစ်စေပါတယ်။ UniSIM ကတော့ Adult Learner လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသူ၊ ကျောင်းသားအရွယ်ကို လွန်လာသူတွေကိုသာလက်ခံပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ အစိုးရရဲ့ အခြေခံပညာကနေ ဘွဲ့ရတဲ့အထိပညာသင်ကြားရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားတက္ကသိုလ်တွေရဲ့ နိုင်ငံခြားကျောင်းခွဲတွေ၊ ပုဂ္ဂလိကကျောင်းနဲ့ အကယ်ဒမီတွေလည်း အများအပြားရှိပါတယ်။ MDIS, BMC, TMC, SAA, Kaplan စတဲ့ကျောင်းတွေဆို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ Course တစ်ခုကို သင်ကြားပေးချင်တယ်ဆိုရင် MOE လို့ခေါ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်လိုပါတယ်။ Diploma ပဲဖြစ်ဖြစ်၊ ၂ ရက်လောက်ပဲ တက်ရတဲ့ ရက်တိုသင်တန်းလေးဖြစ်ဖြစ် MOE မှာ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်ကလည်း စင်ကာပူပညာရေး အဆင့်အတန်းကို အကျမရှိအောင် ထိန်းထားစေပါတယ်။

နောက်ထပ်ဖော်ပြချင်တာကတော့ မြန်မာတွေအနေနဲ့ စင်ကာပူကျောင်းတွေကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာပါပဲ။ အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။ တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် ပြည်တွင်းအောင်လက်မှတ်တွေနဲ့တကွ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းကို တင်ပြရပါတယ်။ ကျောင်းကလက်ခံတဲ့အခါမှာ အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝင်ခွင့်ဖြေရပါတယ်။ (တချို့ကျောင်းတွေကတော့ သိပ္ပံဘာသာတွဲကိုလည်း ဖြေခိုင်းပါတယ်) အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။

Poly တက်ချင်သူတွေအတွက်ကတော့ လမ်းရိုးကြီးတွေဟာ အလုပ်ဖြစ်ဆဲလို့ ဆိုရမှာပါ။ မြန်မာပြည်က Poly အသိအမှတ်ပြု Agent တွေကနေ တဆင့် ဝင်ခွင့်ဖြေပြီး တက်ရောက်ခွင့်ရကြတာဟာ အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ပိုများတယ်ဆိုပေမယ့် အစစအရာရာ စီစဉ်သင်ပြပေးလို့ စင်ကာပူနဲ့ စိမ်းသေးရင် အဲဒီနည်းလမ်းက အလွယ်ဆုံးပါပဲ။ နောက်တမျိုးကတော့ Online ကနေလျှောက်လွှာတင်၊ ကျောင်းကလက်ခံရင် စင်ကာပူမှာ ဝင်ခွင့်လာဖြေလို့ရပါတယ်။ ဝင်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွေမှာ အမှတ်ကောင်းဖို့ လိုပါတယ်။ ဝင်ခွင့်ရတဲ့အခါမှာလည်း အစိုးရ ပညာသင်စရိတ်ထောက်ပံ့တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကျောင်းသားကပေးရပါတယ်။ တကယ်တော့ အဲဒီအနည်းငယ်ဟာ မိဘတွေအတွက် မနည်းလှသေးပါဘူး။ ထောက်ပံ့ကြေးယူသူတွေဟာ Poly ပြီးတဲ့အခါ စင်ကာပူမှာ ၃ နှစ်ပြန်အလုပ်လုပ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရပါတယ်။ အလုပ်စဝင်တာနဲ့ ကျောင်းကနေ PR လျှောက်ထားခွင့်ပေးပါတယ်။ ဒါကြောင့် Poly လမ်းကြောင်းဟာ ဖြောင့်ဖြူးဆဲပဲလို့ ဆိုလို့ရပါတယ်။

Poly အပြင် အစိုးရကျောင်းတက်ချင်သူတွေ အနေနဲ့ မာစတာနဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတွေ ရှိပါသေးတယ်။ ထင်ရှားတဲ့ ကျောင်း ၂ ခုကတော့ ISS လို့ခေါ်တဲ့ NUS လက်အောက်ခံ IT Diploma တန်းနဲ့ NTU က မာစတာဘွဲ့တန်းတွေပဲဖြစ်ပါတယ်။ ISS ကို Internet ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရေးဖြေဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့ သို့မဟုတ် ဖုံးအင်တာဗျူးဖြေရပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပြီး Poly လိုပဲ ကျောင်းပြီးတဲ့အခါ PR လျောက်ဖို့ offer letter ရပါတယ်။ NTU က ပေးတဲ့ မာစတာဘွဲ့ သင်တန်းတွေမှာ IT နဲ့ ဆက်စပ်နေတဲ့ ဘာသာခွဲပေါင်းများစွာအပြင် အင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ သိပ္ပံဘာသာရပ်များစွာကို လျှောက်ထားနိုင်ပါတယ်။ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ပေးတဲ့အတွက် အဆင်ပြေပါတယ်။ အစိုးရကျောင်းတွေဖြစ်တဲ့အတွက် Student Pass အတွက် ပူစရာမလိုပါဘူး။ ပူစရာလိုတာက ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတော်တော်များများဟာ အစိုးရရဲ့ နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးရှိတာကို သတိပြုသင့်ပါတယ်။ အဓိကက Security Deposit လို့ခေါ်တဲ့ စင်ကာပူအစိုးရကို ပေးထားရတဲ့ အာမခံကြေးကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ Singapore Quality Class (SQC) လက်မှတ်ကို အစိုးရအသိအမှတ်ပြု အဆင့်အတန်းရှိတဲ့ Industry အမျိုးမျိုးကို ချီးမြှင့်ပါတယ်။ အဲဒီ SQC လက်မှတ်ရပြီးသားကျောင်းတွေမှာ နိုင်ငံတကာကျောင်းသားတွေ Student Pass နဲ့ ကျောင်းလာတက်ရင် Deposit တင်စရာမလိုပါဘူး။ မရှိရင်တော့ မြန်မာကျောင်းသားတွေအနေနဲ့ စင်ကာပူဒေါ်လာ ၅ ထောင်လောက်တင်ရပါလိမ့်မယ်။ Student Pass ပြန်အပ်တာနဲ့ ၁၀၀% ပြန်ပေးပါတယ်။ ကျောင်းတချို့နဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ထားတဲ့ Agent တချို့က အဲဒီကိစ္စကို နောက်ဆုံး Student Pass ကျမှ ဖွင့်ပြောတတ်ကြတဲ့အတွက် သတိထားပြီး မေးသင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက တကယ်လို့ Student Pass အဆင်မပြေရင် ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် ဘယ်လောက်ပြန်အမ်းမလဲဆိုတာလည်း အစကတည်းက ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ Part Time အလုပ်ထွက်လုပ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရကျောင်းသားတွေဟာ သတ်မှတ်တဲ့ နာရီအကန့်အသတ်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကကျောင်းသားတွေ အနေနဲ့ လုံးဝအလုပ်လုပ်ခွင့်မရှိတဲ့အပြင် ကျောင်းခေါ်ချိန်ပြည့်ဖို့ လိုပါတယ်။ တကယ်လို့ တရားမဝင် အလုပ်ထွက်လုပ်နေတာ တွေ့ရင် ဒဏ်ကြေး ၅ ထောင်လောက်ဆောင်ရတတ်ပြီး မိခင်နိုင်ငံကိုတောင် ပြန်ပို့တတ်ပါတယ်။



အလုပ်အကိုင်အခွင့်အလမ်းများ

စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ရနိုင်သလဲဆိုတာတွေ မပြောခင် အရေးအကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေ အကြောင်း အရင်ဆုံးပြောပါရစေ။ ယေဘုယျအနေနဲ့ ပြောရရင်တော့ စင်ကာပူမှာ EP, S.Pass နဲ့ WP ဆိုပြီး ၃ မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ ထပ်တိုးလိုက်နဲ့ PEP နဲ့ FDW နဲ့ပါဆိုရင် ၅ မျိုးလို့ အကြမ်းမျဉ်းသတ်မှတ်နိုင်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ရပြီဆိုရင် အလုပ်ရှင်က Pass တစ်ခုခုလျှောက်ပေးရပါတယ်။ လျှောက်တဲ့အခါ လစာနဲ့ အလုပ်သမားရဲ့ ပညာအရည်အချင်း (အတန်းပညာနဲ့ အလုပ်အတွေ့အကြုံ) ပေါ်မူတည်ပြီး ဘာ Pass လျှောက်ပေးရမယ်ဆိုတာ ကွာခြားသွားတာဖြစ်ပါတယ်။ အလုပ်ရှင်က EP လျှောက်ထားပေးချင်ပေမယ့် အစိုးရရဲ့ စည်းကမ်းနဲ့ မကိုက်ညီလို့ S.Passပဲ လျှောက်ပေးရတာမျိုးတွေလည်းရှိလို့ ဘယ်လိုအနေအထားမျိုးဆို ဘယ် Pass ကို လျှောက်ထားခွင့်ရမယ်ဆိုတာကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။

Employment Pass (EP)

စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP လျှောက်ထားနိုင်ပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးက လစာပေါ် မူတည်ပြီး EP ကို ၃မျိုး ထပ်ခွဲပါတယ်။ ပညာအရည်အချင်း လိုအပ်ချက်ကတော့ EP တွေအားလုံး တန်းတူဖြစ်တယ်လို့ ဆိုပေမယ့် ဘွဲ့ရဖြစ်ရမယ်၊ ဘာလက်မှတ်ရှိရမယ်ဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ထပ်မံခွဲခြားထားတဲ့ EP ၃ မျိုးကတော့

(၁) EP - P1 (လစာ SGD ၇၀၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၂) EP - P2 (လစာ SGD ၃၅၀၀ နှင့် ၇၀၀၀ ကြားနှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၃) EP - Q1 (လစာ SGD ၂၅၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ) ဆိုပြီးတော့ ဖြစ်ပါတယ်။

EP ကိုင်ဆောင်ခွင့်ရသူတွေဟာ လစာများသူတွေ ဖြစ်တဲ့အလျောက် မိသားစုကို မှီခိုအနေနဲ့ စင်ကာပူမှာ ခေါ်ထားခွင့်ရှိပါတယ်။ EP အဆင့်ကွာခြားတာနဲ့အမျှ မိသားစုခေါ်ယူခွင့်မှာလည်း ကွာခြားချက်လေးတွေ ရှိပါတယ်။ ယေဘုယျအနေနဲ့ကတော့

(၁) EP ကိုင်ဆောင်သူတွေဟာ တရားဝင်အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သား၊သမီး (တရားဝင် မွေးစားသားသမီးများ အပါအဝင်)တွေကို မှီခို (Dependant Pass) လျှောက်ထားပေးနိုင်ပါတယ်။


(၂) EP P1 & P2 ကိုင်ဆောင်သူတွေဟာ မိဘ၊ ယောက္ခမ၊ အိမ်ထောင်ဘက်၊ အိမ်ထောက်ဘက်ရဲ့ အရင်အိမ်ထောင်နဲ့ ရထားတဲ့ကလေး၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သမီး၊ ဒုက္ခတိ သား၊ သမီးများကို ရက်ရှည်အလည်အပတ် (Long Term Social Visit) နဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒီအခွင့်အရေးကိုတော့ EP Q1 ကိုင်ဆောင်သူတွေမရနိုင်ပါဘူး။ EP လျှောက်ထားတဲ့အခါမှာ လစာအပြင် အလုပ်အတွေ့အကြုံ၊ အရည်အချင်းရှိလုပ်သားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးလှပါတယ်။

Personalised Employment Pass (PEP)

Thanlwin Ain Mat PEP ဟာလည်း EP တစ်မျိုးပါပဲ။ ကွာခြားတာကတော့ EP ကို ကုမ္ပဏီက လျှောက်ထားပေးရပြီး အလုပ်ထွက်တာနဲ့ ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်နာမည်နဲ့ အသစ်ပြန်ပြောင်းရပါတယ်။ PEP ကတော့ ကုမ္ပဏီမှာ အလုပ်လုပ် မနေသည့်တိုင်အောင် (အလုပ်လက်ကိုင်မရှိသည့်တိုင်အောင်) မိမိရဲ့ အရည်အချင်းနဲ့ နောက်ဆုံးလစာပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စင်ကာပူမှာ အလုပ်မလုပ်ဖူးသေးသည့်တိုင်အောင် အခြားနိုင်ငံတစ်ခုခုမှာ SGD ၇၀၀၀ အထက်နဲ့ ညီမျှတဲ့ လစာရထားသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အရင်က EP P1 ကိုင်ထားပြီး လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေသူတွေဟာလည်း နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့အချိန်ကနေ ၆ လအတွင်း လျှောက်ထားနိုင်ပါတယ်။

လက်ရှိမှာ EP P1 ကိုင်ထားသူတွေအနေနဲ့ PEP ကို ပြောင်းချင်တယ်ဆိုရင် လျှောက်ထားနိုင်ပြီး လျှောက်ထားတဲ့အပေါ်မှာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ EP P2 ကိုင်ဆောင်သူတွေကတော့ EP P2 နဲ့ လုပ်သက်အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်ပြီး တစ်နှစ်လစာ SGD ၃ သောင်းရမှ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။ EP Q1 ကိုင်ဆောင်သူတွေက လုပ်သက် အနည်းဆုံး ၅ နှစ်နဲ့ တစ်နှစ်လစာ SGD ၃ သောင်းလိုတယ်လို့ သိရပါတယ်။ PEP ကိုင်ဆောင်သူတွေဟာ အများဆုံး ၆ လခန့်သာ အလုပ်လက်မဲ့အနေနဲ့ နေခွင့်ရှိပါတယ်။ အလုပ်ရသွားချိန်မှာ PEP ကို အခြား Pass တစ်ခုခုနဲ့ အစားထိုး လဲလှယ်စရာ မလိုပါဘူး။ ဒါပေမယ့် အလုပ်ရှင်အပြောင်းအလဲ၊ အလုပ်ထွက်တာ အားလုံးကို စင်ကာပူ လူဝန်မှုကြီးကြပ်ရေး (MOM) ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

PEP နဲ့ အလုပ်လုပ်သူတွေဟာ လစာငွေ တစ်နှစ်ကို အနည်းဆုံး SGD ၃ သောင်းရှိရပါမယ်။ PEP ကို ၅ နှစ်သက်တမ်းအတွက် တစ်ကြိမ်သာ ထုတ်ပေးပြီး သက်တမ်းတိုးခွင့် မရှိပါဘူး။

S Pass

S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Website တွေမှာ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Skill Pass လို့ မှတ်သားရပါတယ်။ ပညာအရည်အချင်း (အသိအမှတ်ပြု) ဒီပလိုမာ သို့မဟုတ် ဘွဲ့တစ်ခုခုရထားသူတွေမှာ သက်ဆိုင်ရာ အလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံနဲ့ အောင်လက်မှတ်တွေ ရှိမယ်၊ လစာလည်း အနည်းဆုံး ၁၈၀၀ ရမယ်ဆိုရင် S Pass လျှောက်ထားလို့ ရပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုဟာ S Pass ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ လစာ ၁၈၀၀ အနည်းဆုံးပေးရမယ်ဆိုပေမယ့် အလုပ်မဖြစ်မနေ ရရမယ့်လူနဲ့ ကပ်စေးနဲတဲ့ အလုပ်ရှင်နဲ့ တွေ့တဲ့အခါမျိုးမှာ အချင်းချင်းညှိနှိုင်းကြပြီး ၁၅၀၀ (တခါတလေ ၁၂၀၀လောက်တောင်ရှိပါတယ်) လောက်ပဲပေးပြီး S Pass ရအောင် တင်ပေးကြပါတယ်။ S Pass တင်တဲ့အခါမှာတော့ လစာကို ၁၈၀၀ လို့ ဖြည့်စွက်ကြတယ်ထင်ပါတယ်။ S Pass လျှောက်တာ နတ်ကြီးတယ်၊ ရချင်မှ ရတယ်ပြောကြပေမယ့် တကယ်တော့ S Pass ဟာ Point Based ပုံစံသွားတာဖြစ်လို့ အလုပ်နဲ့ ကိုယ့် Background ကိုက်ညီရင် ရဖို့ကျိန်းသေသလောက်ပါပဲ။ Point Based ဆိုတာက လုပ်ငန်းခွင်ရဲ့ လိုအပ်ချက်တွေ ဒီလုပ်သားမှာ ဘယ်လောက်များများ ပိုင်ဆိုင်နေလို့ ကုမ္ပဏီက ဒီလစာနဲ့ ခန့်ထားတာလဲဆိုတာကို စစ်တာပါ။ ဥပမာ အလှပြင်ဆိုင်က Customer Service ဝန်ထမ်းလိုနေချိန်မှာ မာစတာဘွဲ့ရ အင်ဂျင်နီယာတစ်ယောက် သွားလျှောက်တယ်ဆိုရင် သိပ်အဆင်မပြေနိုင်ပါဘူး။ နောက်ထပ် S Pass မရကြတဲ့အကြောင်းပြချက်တစ်ခုက ကုမ္ပဏီမှာ S Pass ခွဲတမ်း (Quota) ကုန်နေလို့ပဲ ဖြစ်ပါတယ်။ စင်ကာပူအစိုးရရဲ့ သတ်မှတ်ချက်အရ ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းအင်အားရဲ့ ၂၅% ကိုပဲ S Pass နဲ့ ခန့်ထားခွင့်ပြုပါတယ်။ S Pass နဲ့ အလုပ်လုပ်နေသူတွေထဲက လစာ SGD ၂၅၀၀ ကျော်သူတွေဟာလည်း EP သမားတွေလိုပဲ မှီခိုအနေနဲ့ အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် သား၊သမီးတွေကို ခေါ်ထားခွင့်ရကြပါတယ်။ S Pass လျှောက်ထားသူတွေဟာ ကဒ်ပြားထုတ်ယူဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းမူရင်းတွေနဲ့အတူ ကျန်းမာရေး ဆေးစစ်ချက်လက်မှတ်ကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

Work Permit (WP)

WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ လျှောက်ထားပေးနိုင်ပါတယ်။ WP လုပ်သားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေး၊ နေထိုင်ရေး စတာတွေကို ကုမ္ပဏီက တာဝန်ယူရလေ့ ရှိပါတယ်။

Work Permit for Foreign Domestic Workers (FDW)

ဒီ Pass ကတော့ နိုင်ငံခြားကနေ အိမ်အကူ လာလုပ်တဲ့လူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ Pass ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ရှင်နဲ့ အိမ်အကူတွေ မကြာခဏ ပြဿနာတွေဖြစ်တတ်လို့ အစိုးရက FDW လျှောက်ပေးမယ်ဆို အသေအချာစဉ်းစားဖို့ သတိပေးတတ်ပါတယ်။ စင်ကာပူအစိုးရက အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံအနည်းစုထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတို့နဲ့အတူ စိတ်မကောင်းစရာပါဝင်ပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အိမ်အကူ လာလုပ်မယ့်လူဟာ အသက်အနည်းဆုံး ၂၃ နှစ်ရှိရမှာဖြစ်ပြီး အကြီးဆုံး ၅၀ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာကိုလည်း ၈ နှစ်သင်ဖူးရမယ်လို့ သိရပါတယ်။ အခြားလိုအပ်ချက်တွေအနေနဲ့ အိမ်ဖော်အရည်အချင်းစစ်စာမေးပွဲ၊ ကျန်းမာရေးဆေးစစ်ချက်လိုဟာမျိုးလည်း လိုအပ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ စင်ကာပူမှာ တရားဝင်အလုပ်လုပ်ခွင့်ရတဲ့အခါ လျှောက်ထားရမယ့် Pass အမျိုးအစားတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်တာတွေလည်း နည်းနည်းတော့ ရှင်းပြအကြံပေးချင်ပါသေးတယ်။

အရင်ဆုံးအကြံပေးချင်တာကတော့ မြန်မာပြည်က ထွက်မလာခင်မှာ အလုပ်အတွေ့အကြုံနဲ့ နိုင်ငံတကာကို ဝင်ဆန့်နိုင်တဲ့ အောင်လက်မှတ်တွေ ရနိုင်သလောက်များများ ရထားဖို့ပါပဲ။ မြန်မာပြည်က ဘွဲ့တွေ၊ ဒီပလိုမာတွေကို အသိအမှတ်မပြုဘူးဆိုတာ မဟုတ်ပါဘူး။ အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေက ပေးတာတွေဆို အသိအမှတ်ပြုပါတယ်။ ကွန်ပျူတာတတ်ကြောင်းလက်မှတ်လိုတယ်ဆိုလို့ ရပ်ကွက်ထဲက နီးစပ်ရာ သင်တန်းလေးမှာ တတ်ခဲ့တာမျိုးကတော့ သိပ်အထောက်အကူမဖြစ်ပါဘူး။

နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်တွေရယ်၊ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံကောင်းကောင်းရယ် ရှိမယ်ဆိုရင် အလုပ်ရဖို့ အခြေအနေကောင်းပါတယ်။ အလုပ်အတွေ့အကြုံကိုလည်း လုပ်ကြံပြီးဖော်ပြလို့ရပေမယ့် စမ်းသပ်ခန့်ထားတဲ့ကာလမှာ ဘာမှမလုပ်တတ်ရင် ပြန်ပြုတ်သွားတတ်တာမို့ အတွေ့အကြုံစစ်စစ်ရအောင် ကြိုးစားခဲ့စေချင်ပါတယ်။ နောက်ထပ် အထောက်အကူဖြစ်စေတဲ့ အချက်တစ်ချက်က သက်ဆိုင်ရာနယ်ပယ်ရဲ့ အဖွဲ့အစည်းတွေမှာ အသင်းဝင်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာ IT သမားတွေအတွက်ဆို MCPA, MCF နဲ့ အင်ဂျင်နီယာတွေအတွက်ဆို MES မှာ အသင်းဝင်ထားသင့်ပါတယ်။

စင်ကာပူမှာ အလုပ်ရှာတဲ့အခါ အင်တာနက် Website တွေ၊ နေ့စဉ်သတင်းစာနဲ့ ပွဲစားတွေကနေ အဓိကရှာနိုင်ပါတယ်။ Website တွေအနေနဲ့ www.st701.com, www.jobsdb.com.sg, www.jobstreet.com, www.monster.com, www.jobscentral.com.sg စတဲ့ website တွေမှာ အလုပ်အကိုင် အများအပြားတွေ့နိုင်ပါတယ်။ နေ့စဉ်ထုတ် Straits Times သတင်းစာမှာလည်း အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပါပါတယ်။ အထူးသဖြင့်တော့ စနေနေ့ထုတ် သတင်းစာမှာ အများဆုံးပါပါတယ်။ ပွဲစားကနေတဆင့် အလုပ်ရှာတဲ့နည်းလမ်းကလည်း စင်ကာပူမှာ အတော်လေး ခေတ်စားပါတယ်။ တချို့ပွဲစားတွေက အင်တာဗျူးခေါ်ရင် ဘယ်လောက်ပေး၊ အလုပ်ရရင် ဘယ်လောက်ပေးစသည်ဖြင့် အဆင့်ဆင့် ဈေးသတ်မှတ်ပြီးတောင်းပါတယ်။ တချို့ပွဲစားတွေကတော့ လစာထဲကနေဖြတ်ယူပါတယ်။ တချို့အလုပ်တွေကိုတော့ ပွဲစားက ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး တိုက်ရိုက်ခန့်ထားတတ်ပါတယ်။ လစာကိုလည်း ပွဲစားကပဲပေးပါတယ်။ အဲဒီလိုအလုပ်မျိုးကို Over-Head နဲ့ ယူတယ်လို့ခေါ်ကြပြီး ပွဲစားက လုပ်သားကိုပေးတဲ့ လစာထက်ပိုတဲ့ ပမာဏကို ကုမ္ပဏီထံက တောင်းယူလေ့ရှိပါတယ်။ အလုပ်ရဖို့ကို Website တွေနဲ့ သတင်းစာကနေ ရှာတာအကောင်းဆုံးဖြစ်ပါတယ်။ ပွဲစားနဲ့ရှာကြတဲ့အခါ နောက်ပိုင်းပြဿနာကြီးငယ်တွေ ရှိလာတတ်လို့ အားမပေးချင်ပါဘူး။ နောက်တစ်ခုကတော့ စင်ကာပူမှာလည်း ထုံးစံအတိုင်း ပွဲစားအလိမ်တွေ အများအပြားရှိနေလို့ သတိပြုစေချင်ပါတယ်။

စင်ကာပူမှာ အလုပ်လာရှာမယ့်လူတွေက စင်ကာပူကိုရောက်နှင့်နေတဲ့လူတွေကို မေးတတ်တဲ့မေးခွန်းက “ဘာတွေပြင်ဆင်လာရမလဲ” ဆိုတာပါပဲ။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ ရန်ကုန်က ထွက်မလာခင်ကတည်းက website တွေမှာ အလုပ်လျှောက်ကြည့်ပါ။ အလုပ်စလျှောက်ပြီး ဘယ်လောက်ကြာတဲ့အခါမှာ အင်တာဗျူးရလဲ၊ ဘယ်လိုကုမ္ပဏီမျိုးက အင်တာဗျူးခေါ်လဲဆိုတာကို အရင်ဆုံးစမ်းကြည့်ပါ။ ဘာတွေပြင်ဆင်လာရမလဲ၊ ပြည်ပမှာအလုပ်ရှာဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို အဲဒါက အဖြေပေးမှာပါ။ ဥပမာ - အလုပ်စလျှောက်ပြီး ၂ ပတ်လောက်အတွင်းမှာ အင်တာဗျူးရတယ်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ CV ဟာ စင်ကာပူမှာ အလုပ်ဖြစ်လောက်တယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ရန်ကုန်မှာပဲ ရှိနေသေးလို့ အဲဒီအင်တာဗျူး လက်လွတ်သွားလည်း ဝမ်းနည်းစရာမလိုပါဘူး။ နောက်အင်တာဗျူးတွေ ရှိလာဦးမှာပါ။ ရန်ကုန်ကနေ စမ်းလျှောက်ကြည့်လို့ ၁ လ၊ ၂ လ သာကြာသွားတယ် - အင်တာဗျူးမရဘူးဆိုရင်တော့ တခုခုတော့ Upgrade လုပ်ရဦးမယ်ဆိုတဲ့ သဘောပါပဲ။ စင်ကာပူကို မလာသင့်သေးဘူးလို့ အကြံပေးချင်ပါတယ်။ တချို့တွေက စင်ကာပူရောက်မှ ဘယ် website သွားရမှာလဲ၊ ဘယ်သတင်းစာဝယ်ရမလဲ စစုံစမ်းတာကတော့ ဆိုးလွန်းပါတယ်။ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကို ဖြုန်းလို့မဖြစ်ပါဘူး။

အင်တာဗျူးကိုလည်း တချို့ကုမ္ပဏီတွေက တစ်ကြိမ်ပဲခေါ်ပြီး စိတ်ကြိုက်တွေ့ရင် အလုပ်တန်းခန့်ပါတယ်။ တချို့ကတော့ အင်တာဗျူး ၂ ဆင့်၊ ၃ ဆင့်သွားရပါတယ်။ နာမည်ကြီး စင်ကာပူလေကြောင်းလိုင်း (SIA) မှာဆို အင်တာဗျူး ၅ ဆင့်ရှိပါတယ်။ အင်တာဗျူးသွားတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း အင်တာနက်မှာ ရှာပြီး လေ့လာသွားသင့်ပါတယ်။

အင်တာဗျူးသွားပြီးလို့ အဆင်ပြေတယ်၊ အလုပ်ခန့်မယ်ဆိုတဲ့အခါမှာ လစာအကြောင်း၊ Pass လျှောက်ပေးမယ့် အကြောင်း၊ စာချုပ်ရှိမရှိ စသည်ဖြင့်စေ့စပ်ဆွေးနွေးကြရပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အလုပ်လာရှာတဲ့လူတွေအနေနဲ့တော့ လစာကိစ္စကို အသည်းအသန် ညှိနှိုင်းခဲပါတယ်။ ရထားတဲ့ Stay လေးမကုန်ခင် ရတဲ့အလုပ်ကို သိပ်ဈေးမဆစ်ဘဲ လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် Pass နဲ့ စာချုပ်ကိစ္စကိုတော့ သေချာအောင် မေးမြန်းပြီးမှ သဘောတူ စာချုပ်စေချင်ပါတယ်။

တချို့ကုမ္ပဏီတွေဟာ စနစ်တကျမရှိလှဘဲ အစိုးရချမှတ်ထားတဲ့ ဥပဒေကို လက်တလုံးခြားနဲ့ အလုပ်သမားကို နှိပ်ကွပ်တဲ့ စာချုပ်မျိုးတွေ ချုပ်စေပါတယ်။ Pass ကိုလည်း လျှောက်ပေးတဲ့အခါ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံတွေဟာ ကိုယ့် CV ထဲကအတိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။ တချို့ကုမ္ပဏီတွေက Pass မရမှာစိုးတဲ့အတွက် မမှန်တဲ့ အချက်အလက်တွေ ထည့်သွင်းတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ အစိုးရက ကိုယ့်ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တဲ့အခါ ပြစရာမရှိဖြစ်ပြီး နာမည်ပျက်စာရင်း Black List အသွင်းခံရတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တဲ့ Pass အမျိုးအစားတွေနဲ့ လိုအပ်တဲ့ အရည်အချင်း၊ လစာတွေကို ကိုးကားချိန်ထိုးကြည့်စေချင်ပါတယ်။



Pass တွေလျှောက်တာ၊ ကဒ်ပြားသွားထုတ်တာတွေနဲ့ ပတ်သက်တာလေးတွေ

အလုပ်ရှင်နဲ့ လစာ၊ ခံစားခွင့် စတာတွေ ညှိနှိုင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် ကုမ္ပဏီက အလုပ်သမားကိုယ်စား Pass တစ်ခုခု လျှောက်ပေးရပါတယ်။ ဥပမာ အနေနဲ့ မြန်မာအများစု လျှောက်ခွင့်ရကြတဲ့ S.Pass နဲ့ ရှင်းပြသွားပါမယ်။ ဒီနေ့အချိန်မှာတော့ S.Pass ၊ WP ၊ EP ဘာပဲဖြစ်ဖြစ် အင်တာနက်ကနေ လျှောက်လို့ရနေပါပြီ။ အဲဒီ Pass တွေကို EP Online လို့ခေါ်တဲ့ အစိုးရရဲ့ အင်တာနက် စာမျက်နှာကနေ ကုမ္ပဏီက လျှောက်ပေးရပါတယ်။ တချို့ကုမ္ပဏီတွေကတော့ အင်တာနက်ကို မသုံးချင်ကြဘဲ ရိုးရိုးပဲ စာရွက်နဲ့ တင်ချင်ကြတယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် အင်တာနက်က တင်ရင် အများဆုံး ကိုးရက်ပဲ ကြာတဲ့အချိန်မှာ စာရွက်နဲ့တင်ရင် ငါးပတ်အထိကြာတတ်ပါတယ်။ အလုပ်လုပ်ခွင့် Pass ရနိုင်တဲ့ အခွင့်အရေးကတော့ အတူတူပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းတဲ့ နေရာမှာ အဓိကကျတာကတော့ အခြေခံလစာနဲ့ ခန့်ထားတဲ့ ရာထူးပဲ ဖြစ်ပါတယ်။ လစာက အစိုးရ သတ်မှတ်ချက် (ဥပမာ S.Pass ဆိုရင် SGD1800 နှင့်အထက်) ထက် နည်းနေမယ် ၊ ဒါမှမဟုတ် ရာထူး၊ ကုမ္ပဏီအနေအထားနဲ့ မဖြစ်နိုင်လောက်အောင် များနေပြီဆိုရင် Pass ရဖို့က မသေချာပါဘူး။ ခန့်ထားတဲ့ ရာထူးကလည်း လျှောက်ထားသူရဲ့ အလုပ်အကိုင်ဟောင်းတွေ၊ နောက် သူ့ရဲ့ ပညာအရည်အချင်းတွေနဲ့ ဆက်စပ်မှု ရှိနေရမှာဖြစ်ပါတယ်။

Pass တွေ တင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းစာရင်းကို စင်ကာပူ အလုပ်သမားဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ S.Pass တင်မယ်ဆိုရင်တော့ S.Pass Form (ကုမ္ပဏီက ပေးပါမယ်) ၊ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း အောင်လက်မှတ် မိတ္တူ ၊ Passport မိတ္တူ ၊ ဓါတ်ပုံ တစ်ပုံလိုပါတယ်။ S.Pass လျှောက်ထားချိန်မှာ Passport သက်တမ်း အနည်းဆုံး ခုနှစ်လကနေ တစ်နှစ်ရှိသင့်လို့ စင်ကာပူ မလာခင်ကတည်းက သက်တမ်းတိုးလာဖို့ သတိပေးချင်ပါတယ်။ တကယ်လို့ Pass တစ်ခုခု လျှောက်ထားချိန်မှာ ရထားတဲ့ Social Visit Pass ကုန်သွားခဲ့ရင်လည်း Pass အခြေအနေကို စောင့်နေတာဖြစ်လို့ ပုံမှန်အားဖြင့်တော့ အလွယ်တကူပဲ သက်တမ်းတိုးလို့ရပါတယ်။

တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ အပိုင်း (၄) မှာ ဖော်ပြခဲ့သလိုပဲ အင်တာဗျူး အတွင်းမှာ အလုပ်ကိစ္စတွေ ညှိနှိုင်းကြတဲ့အခါ စာချုပ်ကိစ္စကိုလည်း ဆွေးနွေးကြရပါတယ်။ ဒီနေရာမှာ စာချုပ်နဲ့ ပတ်သတ်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်။ ကုမ္ပဏီတချို့ကတော့ သာမန် Employment Letter လို့ခေါ်တဲ့ အလုပ်ခန့်စာကိုပဲ ပေးပါတယ်။ အဲဒီစာထဲမှာ လုပ်ရမယ့် အလုပ်အနေအထား၊ လစာနဲ့ ခံစားခွင့် စတာတွေကို တရားဝင်သဘောမျိုးဖြစ်အောင် ရေးသားဖော်ပြထားပါတယ်။ အချို့ကုမ္ပဏီတွေကတော့ Employment Letter အစား စာချုပ်ချုပ်စေပါတယ်။ ဥပမာ - S.Pass လျှောက်ပေးမယ်၊ ၂ နှစ်စာချုပ် ချုပ်ရမယ်ဆိုတာမျိုး ညှိနှိုင်းတတ်ကြပါတယ်။ စာချုပ်ထဲမှာတော့ ကုမ္ပဏီက လျှောက်ပေးတဲ့ Pass ( ဥပမာ S.Pass) ကဒ်ပြားရတဲ့နေ့က စပြီး ဒီစာချုပ်ဟာ အသက်ဝင်တယ်ဆိုတာမျိုး ဖော်ပြလေ့ရှိပြီး Employment Letter မှာပါတဲ့ အကြောင်းအရာတွေ၊ ဆေးခွင့်နဲ့ လုပ်သက်ခွင့် အရေအတွက်၊ ဘယ်လိုအပြစ်မျိုးဟာ ဘယ်လို အရေးယူခံရနိုင်တယ်ဆိုတာမျိုးတွေ ပါဝင်လေ့ရှိပါတယ်။ စာချုပ်မှာ အဓိကပါတာကတော့ ဒီသဘောတူညီချက်တွေနဲ့အတူ ဒီကုမ္ပဏီမှာ (ဥပမာ)၂ နှစ်လုပ်ပေးဖို့ သဘောတူပါတယ်ဆိုတဲ့ ဝန်ခံချက်ပါပဲ။ အရေးကြီးတာက ဒီ ၂ နှစ်မတိုင်ခင် အလုပ်က ထွက်ချင်ရင် ဘာဖြစ်မလဲဆိုတာပါပဲ။ တချို့စာချုပ်တွေမှာ ၂ နှစ်မတိုင်ခင် အလုပ်ထွက်ချင်ရင် ၂ လကြို ပြောပါဆိုတာမျိုး၊ ၃ လကြို ပြောပါဆိုတာမျိုးပါပါတယ်။ ဒါက တရားဝင်ဖြစ်လို့ ပြဿနာမရှိပါဘူး။ တချို့ကတော့ ၂ နှစ်မတိုင်ခင် အလုပ်သမားက ထွက်သည်ဖြစ်စေ၊ အလုပ်ရှင်က ထုတ်သည်ဖြစ်စေ လစာရဲ့ ဘယ်နှစ်ဆ ပေးလျော်ရမည်ဆိုတဲ့ အပိုဒ်ပါတတ်ပါတယ်။ မဖြစ်နိုင်ဘူး မထင်ပါနဲ့။ ကျွန်တော် အဲဒီလိုစာချုပ်မျိုးနဲ့ အလုပ်လုပ်ခဲ့ရတာပါ။ တကယ်တော့ ဒါဟာ အလုပ်သမားကို ခြိမ်းခြောက်တာသာဖြစ်ပြီး စင်ကာပူ ဥပဒေမှာ တရားဝင်ဖော်ပြထားခြင်းမရှိပါဘူး။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာနရဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ အဲဒီလို ငွေပေးလျော်စေခြင်းမျိုးဟာ စာချုပ်မှာပါသည့်တိုင်အောင် ကောက်ခံခွင့်မရှိဆိုတာမျိုး ဖြေထားပါတယ်။ စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတိုင်းဟာ အလုပ်ထွက်ချင်တဲ့အခါ အစိုးရ သို့မဟုတ် ကုမ္ပဏီက ချမှတ်ထားတဲ့ ကြိုတင်အသိပေးကာလ (Notice Period) ကို အတိအကျ လိုက်နာရင် ထွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအဖြေလေးကို ဖတ်မိမှပဲ ကျွန်တော်လည်း သက်ပြင်းချနိုင်ခဲ့တာပါ။

နောက်ထပ် စာချုပ်တစ်မျိုးကတော့ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident - PR) လျှောက်တဲ့ အခါမှာ ကြုံရတတ်ပါတယ်။ မြန်မာအများစုက စင်ကာပူမှာ အခြေချနိုင်ဖို့အတွက် PR ကို လူတိုင်းနီးပါး လျှောက်ကြပါတယ်။ တချို့ကုမ္ပဏီတွေက PR ကို လိုလိုချင်ချင် လျှောက်ခွင့်ပြုပေမယ့် တချို့ကတော့ PR ကို စာချုပ်မစေ့ခင် မလျှောက်ရဘူးဆိုတာမျိုးနဲ့ တားမြစ်တတ်ပါတယ်။ စာချုပ်စေ့ပြန်တော့လည်း နောက်ထပ် စာချုပ်အသစ်ချုပ်မှဆိုပြီး ညစ်တတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စင်ကာပူက အင်တာနက်ဖိုရမ်တွေမှာ အကျယ်တ၀င့် ဆွေးနွေးကြလေ့ရှိပါတယ်။ ဒါဟာလည်း ကုမ္ပဏီတွေက နည်းတစ်မျိုးနဲ့ အကြပ်ကိုင်တာဖြစ်ပါတယ်။ PR လျှောက်ထားခြင်းဟာ စင်ကာပူမှာ အလုပ်လုပ်ပြီး နေထိုင်နေခြင်းရဲ့ အကျိုးဆက်အနေနဲ့ ရတဲ့ ကိုယ်ပိုင်ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက လျှောက်တော့၊ မလျှောက်နဲ့ဦးဆိုပြီး စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အလုပ်ပြုတ်မှာစိုးတဲ့အတွက် အများစုကတော့ မဆန့်ကျင်ဘဲ လျှောက်ခွင့်ရလာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်လေ့ရှိပါတယ်။ PR တင်တဲ့အခါမှာ အလုပ်လုပ်နေကြောင်း ကုမ္ပဏီက ထောက်ခံစာတစ်စောင်ကို လက်မှတ်ထိုးပေးရတာရှိပြီး တချို့တွေက အဲဒီစာကို ကုမ္ပဏီက စပွန်ဆာပေးတယ်လို့ အထင်မှားတတ်ကြပါတယ်။ အမှန်က ထောက်ခံစာသက်သက်သာဖြစ်ပြီး စပွန်ဆာ သဘောမသက်ရောက်ကြောင်း PR တင်ရင် ဖြည့်ရတဲ့ စာရွက်တွေမှာ ဖော်ပြထားပါတယ်။

Work Permit နဲ့ အလုပ်လုပ်နေသူဆိုရင် တစ်လကို စင်ကာပူဒေါ်လာ ၄၀ ၊ S.Pass ဆိုရင် ၇၀ - ၈၀ လောက် ၊ EP ဆိုရင် ၁၀၀ ကနေ ၁၂၀ လောက် ဆောင်ကြရပါတယ်။ PR ရပြီးသားတွေကတော့ လစဉ်ဝင်ငွေရဲ့ ၁၀% ကိုဆောင်ကြရပါတယ်။


ငွေကြေးနဲ့ ဘဏ်တွေအကြောင်း


စင်ကာပူနိုင်ငံဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ခွဲထွက်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဧပြီလမှာ နိုင်ငံသုံး ငွေကြေးကော်မရှင်ဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး ပထမဆုံးသော စင်ကာပူဒေါ်လာနဲ့ အကြွေစေ့တွေကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ အချိန်တုန်းကတော့ စင်ကာပူဒေါ်လာဟာ မလေးရှားသုံး ရင်းဂစ်ငွေ၊ ဘရူနိုင်းသုံး ဒေါ်လာတွေနဲ့ တန်ဖိုးတူဖြစ်ပြီး လဲလှယ်အသုံးပြုနိုင်တဲ့ စာချုပ်ကိုလည်း သုံးနိုင်ငံ သဘောတူ ချုပ်ဆိုခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ အဲဒီစာချုပ်ကနေ မလေးရှားက နှုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်အထိ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံသုံး ငွေကြေးကတော့ တန်းဖိုးဆ တူဖြစ်နေဆဲပဲဖြစ်ပါတယ်။ စင်ကာပူမှာ အောက်ပါငွေစက္ကူနဲ့ အကြွေစေ့တွေ သုံးစွဲပါတယ်။

ငွေစက္ကူ - $1, $2, $5, $10, $50, $100, $1000 (အသုံးနည်းသောငွေစက္ကူများ - $20, $25, $500, $10000)
အကြွေစေ့ - 1ct, 5ct, 10ct, 20ct, 50ct, $1
ငွေစက္ကူတွေရဲ့ မျက်နှာစာမှာတော့ စင်ကာပူရဲ့ ပထမဆုံး နိုင်ငံတော်သမ္မတ Yusof bin Ishak ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေထားပါတယ်။
စင်ကာပူမှာ အဓိကအနေနဲ့ UOB (United Overseas Bank), OCBC (Oversea-Chinese Banking Corporation Limited), DBS (The Development Bank of Singapore Limited), POSB (Post Office Savings Bank), ဗြိတိန် အခြေစိုက် HSBC (Hongkong and Shanghai Banking Corporation), အမေရိကန်ပိုင် CITI Bank နဲ့ မလေးရှားဘဏ်ကြီးဖြစ်တဲ့ MAY Bank တို့ဟာ လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဘဏ်ကြီးတွေဖြစ်ပါတယ်။ RHB, Standard Charter တို့လို အခြားဘဏ်တွေရှိသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ ဘဏ်တွေလောက် အသုံးမများကြပါဘူး။ အဲဒီဘဏ်တွေထဲမှာမှ UOB ဘဏ်ဟာ ၂၀၀၁ ခုနှစ်မှာ OUB ဘဏ်ကို အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံနဲ့ ဝယ်ယူပြီးနောက် အကြီးဆုံး ပြည်တွင်းဘဏ်ကြီးအဖြစ် ရပ်တည်နေပါတယ်။ DBS နဲ့ POSB ဘဏ် ၂ ခုဟာလည်း ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းပြီးဖြစ်လို့ ဘဏ်တစ်ခုတည်းအနေနဲ့ စဉ်းစားနိုင်ပါတယ်။

စင်ကာပူနိုင်ငံသားတွေရော၊ လာရောက် အလုပ်လုပ်ကြသူတွေ၊ ကျောင်းတက်ကြသူတွေ အားလုံးမှာ အနည်းဆုံး Savings ဘဏ်အကောင့် (ဘဏ်စာရင်း) တစ်ခုစီတော့ ရှိကြရပါတယ်။ စင်ကာပူမှာ ငွေသားကိုင်ပြီး သုံးစွဲတာ အတော်နည်းပြီး အသေးသုံးငွေက အစ NETS လို့ခေါ်တဲ့ ဘဏ်ကဒ်နဲ့ ပေးလေ့ရှိပါတယ်။ NETS နဲ့ သုံးလို့ရတဲ့ အနည်းဆုံး တန်ဖိုးတွေကတော့ ဆိုင်တွေပေါ်မှာ မူတည်ပြီးပြောင်းတတ် ပါတယ်။ ဥပမာ တချို့ဆိုင်များမှာ ၂ဒေါ်လာက စပြီး NETS နဲ့ပေးလို့ရပြီး တချို့ဆိုင်များမှာတော့ အနည်း ၁၀သုံးမှ NETSနဲ့ ပေးလို့ရမှာ ဖြစ်ပါတယ်။ NETS (Network for Electronic Transfers) ကဒ်တွေကို ဘဏ်မှာ အကောင့်ဖွင့်တဲ့အခါ တခါတည်းပေးလေ့ရှိပါတယ်။ အချို့ဘဏ်တွေ (ဥပမာ HSBC ဘဏ်) ကတော့ NETS ကဒ်ရယ်လို့ သီးသန့်မရှိဘဲ Debit ကဒ် ဒါမှမဟုတ် Credit ကဒ်တွေကို NETS အနေနဲ့ သုံးနိုင်ပါတယ်။ NETS ကဒ်ကို အသုံးပြုဖို့ ဂဏန်း ၆ လုံး သို့မဟုတ် ၅ လုံးပါတဲ့ လျှို့ဝှက်နံပတ် (PIN Number) ရှိရပါတယ်။ NETS ကဒ်တွေကို နိုင်ငံအဝှမ်းက ငွေပေးချေမှုမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ ငွေပေးချေမှုတစ်ခု လုပ်လိုက်တာနဲ့ ပေးချေတဲ့ တန်ဖိုးငွေပမာဏကို ကိုယ့်ရဲ့ ဘဏ်စာရင်းထဲကနေ ချက်ချင်းနှုတ်ယူလိုက်တဲ့ စနစ်ဖြစ်ပါတယ်။ NETS စနစ်ရှိနေတာကြောင့် ငွေသားများများ ကိုင်ဆောင်ထားစရာမလိုသလို ပျောက်ဆုံးသွားမှာ၊ ခိုးယူခံရတာ အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကနေလည်း ကင်းလွတ်နိုင်ပါတယ်။ တကယ်လို့ ငွေသားလိုတယ်ဆိုရင်တော့ NETS ကဒ်ကို အသုံးပြုပြီး ATM (Automated Teller Machine) တွေမှာ ငွေသားထုတ်ယူနိုင်ပါတယ်။ ထုတ်ယူနိုင်တဲ့ ပမာဏကတော့ ဘဏ်ပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ATM စက်တွေကို ရထားဘူတာ၊ ဈေး၊ Shopping Mall စတဲ့ လူစည်ကားရာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ POSB နဲ့ DBS ဘဏ်တွေရဲ့ ATM စက်တွေကို အများဆုံးတွေ့နိုင်ပြီး UOB ATM တွေက ဒုတိယနေရာက ရှိပါတယ်။ တယ်လီဖုံးဘီလ်၊ ရေဖိုး၊ မီးဖိုး၊ ဒဏ်ကြေးငွေ အစရှိတဲ့ ငွေပေးချေမှုတွေကိုလည်း NETS ကဒ်အသုံးပြုပြီး အလွယ်တကူပေးနိုင်ပါတယ်။
ဘဏ်တွေနဲ့ ဆက်စပ်ပြီး ရယူနိုင်သေးတဲ့ အခြားကဒ်တစ်မျိုးကတော့ Credit ကဒ်ပဲဖြစ်ပါတယ်။ အကြွေးဝယ်ကဒ်လို့လည်း မြန်မာမှုပြုကြပါတယ်။ Credit ကဒ်အသုံးပြုသူတွေအနေဲ့ အဲဒီကဒ်နဲ့ ငွေပေးချေမှု လုပ်တဲ့အချိန်မှာ ကိုယ်ပိုင်ပိုက်ဆံ ဘဏ်ထဲမှာ ရှိနေစရာမလိုပါဘူး။ ပေးချေးမှုပုံစံကိုလိုက်ပြီး လကုန်တဲ့အခါ ဒါမှမဟုတ် သတ်မှတ်အချိန်ကာလတစ်ခုမှာ ငွေတောင်းခံလွှာလာမှ ပြန်ပေးရတာဖြစ်ပါတယ်။ စင်ကာပူမှာ Credit Card လျှောက်ထားလိုသူတွေဟာ ဘဏ်တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဓိက လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ နိုင်ငံသား(သို့) အမြဲတမ်းနေထိုင်ခွင့် (PR) ကဒ် ၊ လစာဝင်ငွေ အထောက်အထားပြစာရွက်တွေဖြစ်တဲ့ လစဉ်ဝင်ငွေပြ Pay Slip (သို့) စင်္ကာပူအခွန်ကြီးကြပ်ရေးရုံးမှ ရရှိထားသော အခွန်ပြေစာ (သို့မဟုတ်) CPF အတွင်းသို့ လစဉ်ထည့်သွင်းထားငွေ စာရင်း တစ်ခုခု ပြရန်လိုအပ်ပါတယ်။ ဘဏ်တော်တော်များများရဲ့ သတ်မှတ်ထားတဲ့ တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ သုံးသောင်းပြည့်မှီမှသာ Credit card များကို ထုတ်ပေးပါတယ်။ ဒါပေမယ့် ဘဏ်တွေအပေါ်လည်းမူတည်ပါသေးတယ်။ UOB နဲ့ Citi bank တို့ဟာ credit card ကို လွယ်လွယ်ကူကူနဲ့ ထုတ်ပေးပြီး တခြားဘဏ်များက ရရှိရန်ခက်ခဲတယ်လို့လည်း ကြားသိရပါတယ်။ Credit ကဒ်တွေရဲ့ ချေးယူနိုင်သော ပမာဏမှာ မိမိ၏ လစာပေါ်မူတည်၍ စင်္ကာပူဒေါ်လာ သုံးထောင်မှ တစ်သောင်းကျော်ထိရရှိကြပါတယ်။ ပုံမှန်လစဉ် နှစ်ထောင့်ငါးရာ လစာ ၀င်သူတွေအတွက် credit limit က စင်္ကာပူဒေါ်လာ ငါးထောင် ၀န်းကျင်ရှိပါတယ်။ စင်္ကာပူမှာ အဓိကသုံးတဲ့ credit card တွေကတော့ ဘဏ်တော်တော်များများ ချိတ်ဆက်ထားသော Master, VISA, Diner နဲ့ Amex တို့ ဖြစ်ကြပြီး JCB, Discover တို့မှာ အလွန်အသုံးနည်းပါတယ်။ နှစ်စဉ်ဝင်ငွေ သုံးသောင်းပြည့်မှီခြင်းမရှိတဲ့သူတွေအတွက် Citi bank မှ ပေးသော Credit card တစ်ခုရှိပြီး အဲဒီ card ရဲ့ credit limit ဟာ စင်္ကာပူဒေါ်လာ ငါးရာသာ ရရှိပါတယ်။ Debit ကဒ်ကတော့ Credit ကဒ်လိုပဲ လက်မှတ်ထိုး အသုံးပြုနိုင်ပေမယ့် ကိုယ့်ဘဏ်စာရင်းထဲမှာ ငွေရှိနေရမှာဖြစ်ပါတယ်။ Debit ကဒ်ကို ဘဏ်တော်တော်များများမှာ လွယ်လင့်တကူပဲ လျှောက်ထားနိုင်ပါတယ်။

နောက်ထပ်သိထားသင့်တဲ့ ငွေကြေးကိစ္စတစ်ခုကတော့ ဘဏ်ချေးငွေကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ဝယ်၊ ကားဝယ်လုပ်ကြတဲ့အခါ၊ ကျောင်းတက်ကြတဲ့အခါမျိုးမှာ ဘဏ်တွေကနေ အတိုးနှုန်းတစ်ခုနဲ့ ချေးယူနိုင်ကြပါတယ်။

အိမ်ဝယ်တဲ့အခါ HDB Loan နဲ့ Bank Loan ဆိုပြီး နှစ်မျိုးရှိပါတယ်။ တနည်းအားဖြင့် HDB Loan ဆိုတာဟာ အစိုးရဆီမှ ချေးငွေဖြစ်ပြီး Bank Loan ကတော့ ပုဂ္ဂလိကဘဏ်များကနေ ချေးငွေဖြစ်ပါတယ်။ ငွေချေးလိုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နှစ်စဉ်ဝင်ငွေ၊ မိသားစုအခြေအနေတွေ ပေါ်မူတည်ပြီး အိမ်တန်ဖိုးရဲ့ ၈၀% ကနေ ၉၀% ခန့်ထိ ချေးယူနိုင်ပါတယ်။ အဲဒီချေးငွေကို ယေဘုယျအနေနဲ့ အများဆုံး နှစ်သုံးဆယ်အတွင်း အရစ်ကျ ပြန်ပေးရမှာဖြစ်ပါတယ်။ အတိုးနှုန်းတွေကတော့ ဘဏ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိတတ်ပါတယ်။ တစ်နှစ်ကို ချေးငွေရဲ့ ၂% ကနေ ၄% ခန့်အထိ လောက် ပေးရတတ်ပါတယ်။

ကားဝယ်ချင်လို့ ချေးယူတဲ့ Car Loan တွေမှာလည်း အထက်မှာ ဖော်ပြခဲ့သလို စီပွားရေးအခြေအနေပေါ်မူတည်ပြီး ဘဏ်တွေက ကားတန်ဖိုးရဲ့ ၁၀၀% ဒါမှမဟုတ် ၉၀% ခန့်အထိကို ကားဝယ်ယူသူ (ငွေချေးလိုသူ) ကိုယ်စား ကားကုမ္ပဏီကို ကြိုတင်ပေးထား ပေးကြပါတယ်။ အဲဒီချေးငွေကို အကြာဆုံး ၁၀ နှစ်အတွင်း အရစ်ကျပြန်ဆပ်လို့ရပါတယ်။ အတိုးနှုန်းကတော့ များသောအားဖြင့် ၂.၄၅% ခန့်ရှိပါတယ်။ ဒီ Housing Loan နှင့် Car Loan တွေ ချေးယူနိုင်ဖို့ စင်ကာပူနိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူဖြစ်ဖို့လိုအပ်ပြီး ၀င်ငွေအထောက်အထားတွေကိုလည်း ခိုင်ခိုင်မာမာပြဖို့ လိုအပ်ပါတယ်။

ကျောင်းတက်ဖို့ ချေးယူလိုတဲ့ Education Loan ကိုတော့ နိုင်ငံခြားသားများကပါ ချေးယူခွင့်ရှိပြီး အထူးသဖြင့် အစိုးရပိုင်ကျောင်းတွေကို တက်ရောက်ခွင့်ရတဲ့ ကျောင်းသားတွေအတွက် တော်တော်လေး လွယ်လွယ်ကူကူ ချေးယူလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ချေးယူထားတဲ့ ငွေရဲ့ အတိုးကို ကျောင်းပြီးတဲ့အခါမှ စယူလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျောင်းတက်နေတဲ့ ကာလတလျှောက် အတိုးရော အရင်းပါ ပေးစရာမလိုသေးဘဲ ကျောင်းပြီးသွားမှသာ စတင်ပြီး ပေးရပါမယ်။ အခုလို အသုံးများတဲ့ ဘဏ်ချေးငွေတွေအပြင် မင်္ဂလာဆောင်အတွက် ချေးယူနိုင်တဲ့ Marriage Loan ၊ မိမိ၏ အိမ်ကို ပြုပြင်ရန်အတွက်ချေးယူနိုင်တဲ့ Renovation Loan ၊ မိမိလိုအပ်လျှင် လိုအပ်သလို ငွေသားသက်သက် ချေးယူနိုင်သော Personal Loan စတာတွေလည်း ရှိပါသေးတယ်။

မောင်ပွတ်

Reference from myanmar in singapore .

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။