MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 16, 2012

ဆုံးရှုံးသွားသော ရင်သွေးငယ်များ


(၁)
ညကိုးနာရီခန့် ချင်းရိုင် ညဈေးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက်။ အမျိုးသမီးပျိုတစ်စုက ဈေးရင်ပြင်ကွက်လပ်မှာ သူတို့ လက်ကလေးတွေကို ညှင်သာစွာကွေးညွှတ်ရင်း ကျက်သရေရှိလှသည့် ထိုင်းရိုးရာအကဖြင့် ဖျော်ဖြေနေချိန်။
ဒေသခံ အများစုကတော့ မိန်းမပျိုလေးတွေရဲ့ အကကို ဂရုစိုက်ကြည့်အားပုံမရ။ သူငယ်ချင်းမိတ်ဆွေတွေနှင့် အလုပ်ရှုပ်လွန်း၊ ရက်သတ္တပတ်အတွင်းက အတင်းအဖျင်းလေးများနှင့်
အချိန်ကုန်လွန်နေကြချင်ပုံပဲရသည်။
လမ်းဘေးဈေးသည်များစွာက လမ်းတလျှောက် အပြည့်စီတန်းနေရာယူထားသည်။ ထမင်းချက် သံယောင်းမမှ ထိုင်းရိုးရာအ၀တ်အစားအထိ အမျိုးစုံအောင် ရောင်းနေကြသည်။ သူတို့ မျက်စိက ကျမနှင့် ကျမရဲ့ သမီး ‘ကီယာစတင်’ တို့ထံ ၀ယ်များဝယ်ယူမလားဆိုတဲ့ မျှော်လင့်ချက်များနှင့် ကြည့်နေကြသည်။ ကျမတို့ သားအမိက အနောက်တိုင်း ၀တ်စားပုံနှင့်။ ထိုင်းဘာသာစကားနဲ့ တေးသွားအသံက ကျမတို့ကို မစွဲဆောင်နိုင်သေး။ သို့သော် နားထဲမှာတော့ တ၀ီဝီနှင့် အဆန်းသား။
ကျမနှင့်အတူပါလာသည့် ဆယ်နှစ်သမီး ကီယာစတင် အဖို့တော့ အရာအားလုံးက အသစ်အဆန်းချည်း ဖြစ်နေသည်။ တက်ကြွပျော်ရွှင်လွန်းလို့ တခစ်ခစ်။ ကျမလက်ကို ကျစ်ကျစ်ဆွဲရင်း ရှေ့ကိုပဲ သွားဖို့လောနေသည်။ ရှေ့မှာ ရတနာသိုက်တွေ တွေ့တော့မယ့်အလား။
ထိုင်းနိုင်ငံ မြောက်ဖက် ယခုဒီနေရာကွက်လပ် သေးသေးလေး ရောက်နေတော့ ဟိုးအဝေးက ကျမတို့ နေထိုင်သည့် ကောလိုရာဒိုပြည်နယ်ကိုပင် မေ့သွားသည်။ နွေးနွေးလေး တိုက်လာသည့် ညလေပြေအောက်မှာ ကျမ မဝေခွဲနိုင်တဲ့ အတွေးတစ်ခု ဖြတ်ကနဲ ၀င်လာသည်။ ဒီနေရာမှာ ဘ၀က ပိုနှေးကွေးသွားသလား။ လုံခြုံစိတ်ချရမှုကော ရှိရဲ့လား။ အို ဘာပဲဖြစ်ဖြစ် ကြောင့်ကြမနေနဲ့။ ကျမ စိတ်ထဲဝင်လာတဲ့ ဇဝေဇ၀ါ အစိုးမရစိတ်တွေကို ခေါင်းခါထုတ်ပစ်လိုက်ရသည်။
ဒါ ညဈေး အပျော်ထွက်တာပဲ။ ထိုင်းနိုင်ငံကို လိင်ကုန်ကူးမှု အကြောင်းရေးဖို့ ကျမလာခဲ့တဲ့ အလုပ်ကိစ္စတွေကို ခဏမေ့ထားပစ်လိုက်တာ ကောင်းတယ်။
“မေမေ လာ” ကီယာစတင်က ကျမလက်ကိုဆွဲရင်း အနံမျိုးစုံမွှေးကြိုင်နေသည့် စားစရာဆိုင်နား အတင်းခေါ်သွားသည်။ ကာလာအရောင်မျိုးစုံမုန့်တွေကို သေသေသပ်သပ် ခင်းပြထားသည်။ မီးကင်ထားသော အသားများမှလွဲလို့ အားလုံးက စားချင်ဖွယ်ရာတွေ။
“မေမေ တစ်ခုခု စားပါလား” သမီးက အတင်းတိုက်တွန်းနေသည်။ ဘေးဆိုင်က ပိုးကောင်မွှားကောင် ကြော်ထားတာတွေကို တစ်ချက်လှမ်းကြည့်ရင်း “မစားချင်သေးပါဘူးကွာ၊ ဟိုမှာကြည့်စမ်း ပိုးကောင်လေးတွေရဲ့ ခြေထောက်စားဖို့ကို မေမေ ဘယ်လိုမှ စဉ်းစားလို့မရဘူး”
အရာရာတိုင်းတွင် စွန့်စားမှု ရှိရလိမ့်မည်။ ပိုးကောင်တွေစားဖို့ ကျမအတွက်လည်း စွန့်စားရဦးမည် ထင်သည်။
ဈေးထဲမှာ ရွှေရောင်ဆံပင်နှင့် အပြင်ကလူဆိုလို့ ကျမတို့ သားအမိက ထင်းထင်းကြီး ဖြစ်နေသည်။ သို့သော် ထိုင်းလူမျိုးတွေက ဖော်ရွေကြင်နာသည်။ ရွှေလည်ဆွဲကလေးတွေ ရောင်းတဲ့ဆိုင်ရှေ့ ကျမတို့ ရပ်လိုက်သည်။ ကီယာစတင်က ဈေးမေးကြည့်ရင်း “ဈေးသက်သာ လိုက်တာ” တဲ့။ အမေရိကန် ဒေါ်လာက ထိုင်းတွင် မာနေချိန် မဟုတ်လား။ ကျမတို့ လိုချင်တာလေးတွေ ၀ယ်ဖို့ လက်လှမ်းမှီနိုင်သည်။ ထိုင်းရဲ့ စီးပွားရေး အလွှာစုံအခြေအနေကို ဒီညဈေးလေးတွင် မြင်နိုင်သည်။
လူအများစုကြည့်ရတာ သက်တောင့်သက်သာ အေးအေးဆေးဆေးနှင့် ရိုးရှင်းသည့်ဘ၀။ လည်ဆွဲလေးတွေ ကျမ စိုက်ကြည့်နေချိန်တွင် အသက်ခပ်လတ်လတ် ဆိုင်ရှင်အမျိုးသမီးက ကီယာစတင်ကို ရွှေလော့ကတ်သီးလေး ပြနေသည်။ သူတို့ချင်းလည်း ဘာသာစကား နားမလည်ကြပေမယ့် ချစ်ခင်ပုံ ရသွားကြသည်။ လမ်းတလျှောက် သမီးက သူဝယ်လာတဲ့ လော့ကတ်သီးလေးကို ရင်ဘတ်နား ကပ်ကပ်ကြည့်နေသည်။
သိပ်မကြာလို်က်၊ ကျမသူငယ်ချင်း နန်စီနှင့် ဈေးထဲမှာ ဆုံမိသည်။ “ထိုင်းတွေက ကလေးချစ်တတ်တယ်နော်” ဟု အမှတ်မထင် သူ့ကိုပြောလိုက်မိသည်။
“အေးဟ ထိုင်းတွေက သူတို့ကလေးတွေတင်မက အခြားကလေးတွေလည်း ချစ်တတ်တယ်။ ကလေးတွေကို ဒီမှာ ရတနာတွေလို တန်ဖိုးထားတတ်တယ်နော်” နန်စီကလည်း ပြန်မှတ်ချက်ပေးသည်။
နန်စီ အမြင်ကို ကျမခေါင်းငြိမ့်လိုက်သည်။ နန်စီက သူ့ယောင်္ကျား၊ ကလေးနှစ်ယောက်နှင့်အတူ ထိုင်းမှာ နှစ်ပေါင်းများစွာ အခြေကျ နေထိုင်နေတဲ့သူ။ ဒါပေမဲ့ ကျမ ခေါင်းထဲ ရှုပ်ထွေး နေသေးသည်။ ကလေးတွေကို ဒီလောက် ချစ်ခင်ယုယမြတ်နိုးတဲ့ ထိုင်းနိုင်ငံမှာ ဘာကြောင့် ကလေးပြည့်တန်ဆာလုပ်ငန်း ပေါများနေရတာလဲ။ ကျမရဲ့ ဝေခွဲမရမှုကို နန်စီ ဆက်မေးကြည့်တော့ “အင်း” ဟု တစ်ချက်ထဲပြောရင်း ရှေ့ဆက်တိုးပြီး အခြားလမ်းဘက် ကူးဖို့ လုပ်နေသည်။
ကျမတို့ သူ့ကိုမီသွားတော့ နန်စီက ခြုံထည်လို စောင်ကိုဝတ်ထားသည့် အမျိုးသမီးငယ် လေးဦးနှင့် စကားပြောနေသည်။ အမျိုးသမီးငယ်များရှေ့တွင် သူတို့ကိုယ်တိုင် လုပ်ထားတဲ့ လက်မှုအထည်များကို သေသေသပ်သပ် ချရောင်းနေကြသည်။ သူတို့ ဦးထုတ်နှင့် လည်ပင်းတွင် ရှုပ်ရှုပ်ထွေးထွေး ပုတီးများနှင့် ကွင်းများက အရေအတွက်များလှချည့်။ သူတို့ ပြုံးလိုက်သည့်အခါ ကွမ်းစားထားသော သွားကလေးများနှင့် နီရဲလျက်။ နန်စီနှင့် သူတို့လေးဦး ထိုင်းဘာသာစကားနှင့် ပြောဆိုနေကြတဲ့ အသံက ကျမအဖို့ နားစိမ်းနေသည်။
“သူတို့က အခါ လူမျိုးစုတွေလေ” လို့ နန်စီက ပြောပြသည်။
ချက်ချင်း ကျမ စိတ်ဝင်စားသွားသည်။ အခါတွေက ထိုင်းနိုင်ငံ မြောက်ဖက်ပိုင်း တောင်းကုန်းတွေပေါ်နေထိုင်တဲ့ ထင်ရှားတဲ့ မျိုးနွယ်စု ခြောက်စုထဲက တစ်စုဖြစ်သည်။ မျိုးနွယ်စု တစ်ခုချင်းစီတွင် မိမိကိုယ်ပိုင် ဘာသာစကားနှင့် ယဉ်ကျေးမှု ရှိကြသည်။ အပြင်ဘက်က လူတွေ အမြင်ကတော့ လူမျိုးစုတွေဟာ အလွန်ဝေးလံတဲ့ ဒေသမှာနေပြီး ရှေးဦးလူများ ဆန်သည်ဟု ယူဆထားကြသည်။ သူတို့ ကျေးရွာ အိမ်ကလေးတွေက ၀ါးနဲ့လုပ် သက်ကယ်မိုး၊ လျှပ်စစ်မီးမရှိ၊ သောက်သုံးရေ သွယ်တန်းမှုမရှိ။

ထိုင်းလူမျိုးတွေကလည်း သူတို့ကို လက်မခံ။ လူဦးရေ ၅၄၀၀၀၀ ခန့်ရှိသည့် လူမျိုးစုတွေမှာ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံကြရ။ ကိုယ်ပိုင် မွေးစာရင်း အသေအချာမရှိ။ ထိုင်းခေတ်မှီ ဆေးရုံမှာ တက်နိုင်ဖို့ဆိုတာ အဝေးကြီး။ ဒီလို တရားဝင် နိုင်ငံသား အဆင့်အတန်း ငြင်းပယ်ခံရမှုကြောင့် ပညာသင်ကြားမှု၊ မဲပေးပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ပိုင်ခွင့် စတဲ့ ကျေးရွာရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးထားကြရသူများပင်။
စိုက်ပျိုးရေး လူ့အဖွဲ့အစည်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါလျက်နဲ့ မြေယာပိုင်ဆိုင်ခွင့် မစွမ်းနိုင်ခြင်းမှာ တောင်ကုန်းဒေသ လူမျိုးစုများအဖို့ ပြဿနာ အများကြီးရှိသည်။ မြေဆီလွှာ ခန်းခြောက်မှုကြောင့် အခါနှင့် အခြားလူမျိုးစုများမှာ မတ်စောက်သည့် တောင်ကုန်းပေါ်ကဆင်းပြီး ထိုင်းနှင့် အိမ်နီးခြင်းတိုင်းပြည်များသို့ ရွှေ့ပြောင်းအခြေချလာကြရသည်။ ယခုနောက်ပိုင်း ထိုင်းအာဏာပိုင်များကလည်း မြေယာထွန်ယက် စိုက်ပျိုးမှုများအပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မှုများ ရှိလာသည်။
ပြီးတော့ မော်ဒန်နိုက်ဇေးရှင်းရဲ့ ဖိအားတွေက အခါလူမျိုးစုတွေကို ဒုက္ခအဖုံဖုံ ထပ်တွန်းအား ပေးလာသည်။ တစ်နေ့တခြား ဆင်းရဲမွဲတေမှု မြင့်မားလာမှုကြောင့် ကျေးရွာများတွင် မိမိရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းထားဖို့ ခက်လာသည်။ ပညာတတ်အနည်းဆုံးနှင့် အဆင်းရဲဆုံး လူမျိုးစုဖြစ်သည့် အခါတွေမှာ မူးယစ်ဆေး သုံးစွဲမှုများလာပြီး၊ ထို်င်းနိုင်ငံတွင် အရွယ်မတိုင်မီ ကလေးသေဆုံးမှုနှုန်း အများဆုံး ဖြစ်သည်။ ဘိန်းစွဲမှုနှင့် ကလေးပြည့်တန်ဆာလုပ်ငန်းမှာ တောင်တန်းဒေသ လူမျိုးစုများအတွက် အကြီးမားဆုံး ပြဿနာ ဖြစ်နေသည်။
ကျမ ဒီကိုလာရတာက ချီကာဂို သတင်းစာအတွက် ကလေးပြည့်တန်ဆာလုပ်ငန်းအကြောင်း ရေးဖို့ပင်။ နိုင်ငံအများစုတွင် လှိုက်စားနေသော ပြဿနာကြီး။ ထိုင်းနိုင်ငံတွင်တော့ ကူးဆက်ရောဂါသဖွယ် ပျံ့နှံနေသည်။
ကျမ ထိုင်းကို ထွက်မလာခင် သူငယ်ချင်းတစ်ယောက်က မေးသေးသည်။ “နင့်က ဒီအကြောင်း ဘာလို့ ရေးချင်ရတာလဲ”
ကျမအဖြေက ယုတ္တိကျချင်မှ ကျမည်။ ပြည့်တန်ဆာလုပ်ငန်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို မီဒီယာတွေကနေ ဖော်ထုတ်တာနဲ့အမျှ လူမှု့ပြဿနာဆိုးတွေကို လျှော့ချပေးနိုင်မယ်ဆိုတဲ့ ကျမယုံကြည်ချက်ကြောင့် ထွက်လာရသည်။ ကျမ တကိုယ်ထဲအမြင်ပြောရရင် လူသားထုကောင်းကျိုးအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ အလင်းရောင်တွေ ကျမတို့ ရှာဖွေကြရမည်။
သို့သော် ဒီကိစ္စက လွယ်လွယ်ကူကူမဟုတ်။ ထိုင်းနိုင်ငံမှာ လိင်ခရီးသွားလုပ်ငန်းအတွက် ကလေးတွေ လူငယ်လူရွယ်တွေက ရောင်းကုန်ပစ္စည်းလို ဖြစ်နေသည် မဟုတ်လား။ အစိုးရက ဥပဒေထုတ် ဖိအားပေးပြီး၊ ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ တိုက်ဖျက်နေပေမယ့် ထိုင်းတွင် ကလေးပြည့်တန်ဆာ ၂ သန်းကျော် ရှိနေသည်ဟု အေဂျင်စီတစ်ခုက တရားဝင်ကြေငြာထားသည်။ ၈ သိန်းခန့်က ၁၆ နှစ်အောက်တွေ။
ဥပဒေသစ်အရ ကလေးတွေကို ပြည့်တန်ဆာပြုကျင့်သည့် နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွင် ပြစ်ဒဏ်ပေးဖို့ ပြဌာန်းထားသည်။ ဒါပေမဲ့ လိင်တိုးရစ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့သွားသည်မရှိဘဲ၊ ထိုင်းတွင် ပိုတိုးလာနေသည်။
အပြစ်ကင်းစင် လန်းဆန်းနေသည့် ဆယ်နှစ်အရွယ် ကျမသမီးလေး မျက်နှာကိုကြည့်ရင်း ကလေးပြည့်တန်ဆာအကြောင်းတွေ တွေးမိတော့ ကျမ ရင်ထဲ နာကျင်သွားရသည်။ မိဘရင်ခွင်ထဲကနေ ကလေးတွေကို ဘယ်လို လူစားမျိုးတွေကများ ခေါ်ထုတ်နေတာပါလိမ့်။

(၂)
ချင်းရိုင်မှ နာရီဝက်သာသာ ကားမောင်းသွားလျင် မြန်မာပြည်နယ်စပ်တလျောက် ရောက်သွားမည်။ အဲဒီမှာ တောင်ပေါ်ဒေသ လူမျိုးစုတွေအတွက် အခြေအနေက ပိုရှုပ်ထွေးပါသေးသည်။
၁၉၆၀ နှစ်များကတည်းက စစ်အာဏာရှင် အစိုးရအဆက်ဆက်က မြန်မာပြည်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပြုတ်ပြုတ်ပြုန်းစေခဲ့သည်။ မြန်မာပြည်ဆိုသော နာမည်ကိုရှာကြည့်လိုက်လျှင် စစ်တပ်က တက္ကသိုလ်တွေ ခဏခဏ ပိတ်ထားမှု၊ ဆင်းရဲမွဲတေမှု၊ လူမှုရေးမငြိမ်သက်မှုများအကြောင်း အများစု မြင်တွေ့မည်။ ယခုလည်း မြန်မာပြည်မှ ဒုက္ခသည်တွေ ထိုင်းနယ်စပ်တလျှောက် လှိမ့်စီးဆင်းလာနေသည်။
နောက် မြောက်ဖက်သို့ နာရီဝက်ခန့် မောင်းသွားလျှင် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခမှုထူပြောမှုတို့နှင့် လူသိများသည့် လာအိုနိုင်ငံသို့ ရောက်သွားမည်။ နိုင်ငံသုံးနိုင်ငံ ထိစပ်ထားသည့် နေရာကို ရွှေတြိဂံဒေသဟု ခေါ်ပြီး၊ တစ်ခါက ကမ္ဘာ့ဘိန်းအကြီးအကျယ် စိုက်ပျိုးသော မြိုကလေးဖြစ်သည်။
လိင်ကုန်ကူးခံရသည့် ကလေးအများစုမှာ လာအိုနှင့် မြန်မာနိုင်ငံတို့မှဖြစ်ကြောင်း နန်စီက ကျမကို ပြောပြထားသည်။ အဆုံးစွန် ဆင်းရဲမွဲတေမှုအောက် ရုန်းထွက်ဖို့ လွတ်လမ်းရှာဖွေကြရင်း ပန်းကန်ဆေး၊ စားပွဲထိုး၊ အိမ်ဖော်နှင့် အစောင့် အလုပ်တွေရဖို့ ထိုင်းနိုင်ငံကို ရောက်လာကြသည်။ ဒီလိုနှင့် အလုပ်အကိုင်ကောင်း တစ်ခုခု ရမည့်အစား လောဘသားများရဲ့ အလိမ်အညာမိ သွေးဆောင်ခံလိုက်ကြရသည်။
“မေမေ သမီး ဒါဝယ်လို့ ရမလား”
အခါလူမျိုး ၀တ်စုံသေးသေးလေး ၀တ်ပေးထားတဲ့ အရုပ်ကလေးကို ကိုင်ထားရင်း သမီးက မေးသည်။ “ယူလိုက်ပေါ့၊ သိပ်တော့ မခိုင်ဘူးနော် သေချာကိုင် အောက်မကျစေနဲ့”
သမီးမျက်နှာ ကြည့်ရင်း ကျမခေါင်းထဲ အတွေးတွေက ဆက်ဝင်လာသည်။ ကလေးတစ်ယောက်ချင်းစီဟာ ကမ္ဘာလောကထဲကို နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်၊ ခြောက်ပြစ်ကင်း သဲလဲစင်၊ အိပ်မက်ပေါင်း များစွာနှင့်အတူ ၀င်ရောက်လာကြသည်။ နောက်တော့ ရက်ရက်စက်စက် လောကဓံကို ရင်ဆိုင်ကြုံတွေ့ကြရရင်း အိပ်မက်တွေလည်းဆုံး ဘ၀တွေလည်း ဆုံးရှုံးသွားကြရသည်။
သမီးလေး ကီယာစတင်ကို ကြည့်ရင်း ဒီမှာ ကလေးအများစု ကြုံတွေ့နေရတဲ့ ခက်ခဲမာကျောလွန်းတဲ့ ဒုက္ခတွေ၊ အကြမ်းဖက်ခံရမှုမျိုးတွေ သမီးလေး မရင်ဆိုင်ရပါစေနဲ့လို့ ဆုတောင်းမိသည်။
မိခင်တစ်ယောက်အနေနှင့် အစွမ်းကုန် အကာအကွယ်ပေးလိုစိတ်တွေလည်း ရင်ထဲအလိုလို ၀င်လာသည်။ ကျမသမီးလေးထံ ကျရောက်လာမယ့် ကမ္ဘာလောက ရှိရှိသမျှ မကောင်းမှုတွေကို ကြိုးစားကာကွယ်ပေးသွားမည်။ ဟင်.. ဒါဆို ကီယာစတင်ကို ဒီခရီးခေါ်ခဲ့တာ မှားသွားပြီလား…။
ကလေးပြည့်တန်ဆာလုပ်ငန်းက ဆယ်နှစ်သမီးအရွယ်တင်မက အရွယ်ရောက်ပြီးသူတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ အခုလာခဲ့တဲ့ ခရီးကလည်း စိန်ခေါ်မှုပါ။ ကျမကလည်း တကိုယ်ကောင်းဆန်စွာပင် ကျမသွားလေရာရာ ကျောင်းတွေ၊ အားကစားရုံတွေ၊ ဘုရားကျောင်းတွေဆီ သမီးကို ခေါ်သွားတတ်သည်။ ဒါပေမဲ့ ကလေးချင်းတောင် ထိတွေ့ခွင့် သိပ်မပေး၊ သမီးကို မျက်စိအောက်က အပျောက်မခံ။
သမီးအထက်က အကြီးနှစ်ယောက်ကိုထားခဲ့ပြီး ကီယာစတင်ကို ကျမနား ခေါ်လာခဲ့သည်။ ကျမ တစ်ယောက်ထဲ ခရီးထွက်ရမှာ ငြီးငွေ့လို့။ ထိုင်းနိုင်ငံက ကလေးအတွက် စိတ်ချရတယ်လို့ ပြောကြတယ်မဟုတ်လား။ နန်စီကတော့ ဘာကြောင့် မိသားစုလိုက် မလာကြတာလဲလို့ မေးသည်။ လေယဉ်စရိတ်က ကြီးတယ်လေ နန်စီရယ် သိပြီးသားမဟုတ်လား။
ကျမ သုနေသန လုပ်မည့် ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ မိန်းကလေးအချိှု့ကို တွေ့ကြည့်သည်။ သမီးနှင့် ရွယ်တူလေးတွေ အများကြီးနှင့် ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောကြသည်။ ကီယာစတင်က တအံတဩနှင့် နားလည်ဖို့ ကြိုးစားနေရသည်။
လိင်ကုန်ကူးမှုအကြောင်း သမီးကို ရှင်းပြတော့ ကီယာစတင်က ပြန်မေးသည်။ “သူတို့ ခံနိုင်ရည် ရှိပါ့မလား၊ တတ်နိုင်ပါ့မလား မေမေ၊ သူတို့က သမီးလို ကလေးတွေပဲဟာ”
ကျမတွင် အဖြေမရှိ။ ကျမလည်း အလားတူ မေးခွန်း ကိုယ့်ဟာကိုယ်ပင် မေးနေမိသည်။
သူတို့ရဲ့ ကလေးတွေကို လိင်ကျွန်အဖြစ် လိုလိုလားလား ရောင်းစားနေသည့် မိဘတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ ရှိနေတာကို ကျမ ဘယ်လို ရှင်းပြရပါ့မလဲ။ မိဘမရှိ ထောက်ပံ့မယ့်သူမရှိတဲ့ ကလေးအချို့ကတော့ သူတို့ ဗိုက်ဖြည့်ဖို့ လမ်းပေါ်ထွက်လာရင်း ဒုက္ခတွေ့ကြရတဲ့အကြောင်း၊ မူးယစ်ဆေးအတွက် ငွေလိုလို့ လှလှပပ ၀တ်ချင်စားချင်လို့ ကိုယ်ဘာသာ ပြည့်တန်ဆာ ပြုလိုက်ကြတဲ့ အရွယ်ရောက်စတွေအကြောင်း သမီး တခါထဲ နားလည်အောင် ဘယ်လိုရှင်းပြရမလဲ။
ဆင်းရဲမွဲတေမှုနှင့် လူသား ဗီဇမှာပါလာတဲ့ အပြုအမူအချို့မှာ အရင်းခံနေတဲ့ ကလေးပြည့်တန်ဆာလုပ်ငန်းက ကျော်လွှားဖို့ ခက်ခဲနေတဲ့ ပြဿနာကြီးပဲ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ နန်စီနှင့် ကျမ အချိန်ကြာကြာ စကားပြောဖြစ်သည်။ နန်စီက ပြီးခဲ့တဲ့ ဆယ်နှစ်လုံး ကလေးပြည့်တန်ဆာ တိုက်ဖျက်ရေး လုပ်ငန်း လုပ်ခဲ့သူ။ ထိုင်းနိုင်ငံကို ရောက်မလာခင်က ခရစ်ယန် လူမှုကူညီရေး အဖွဲ့တစ်ဖွဲ့မှာ အချိန်ကြာကြာ လုပ်ခဲ့ဖူးသူ။
“ကျမ ဘန်ကောက်ကို စမြင်တော့ ဒီညစ်ပတ်တဲ့ မြို့ကြီးကို မနှစ်မြို့ဘူး။ နောက်တော့ ထိုင်းမြောက်ဖက်ပိုင်း တောင်ပေါ်မြို့လေးကို ရောက်သွားတယ်။ အဲဒီမှာ မိန်းကလေးတွေအတွက် အိမ်သစ်တစ်လုံး ဆောက်ပြီး ဦးဆေင်လမ်းညွှန်ပေးရတယ်” နန်စီက ပြောပြသည်။
“ပထမဆုံးအကြိမ် ကလေးပြည့်တန်ဆာ အစီရင်ခံ ရီပို့တ်တွေ ဖတ်ရတော့ ကျမ အိပ်ယာထဲသွားပြီး တစ်နာရီလောက် မျက်ရည်ကျခဲ့ရတယ်။ စိတ်မကောင်းလိုက်တာ မပြောနဲ့။ ဒီလို စိတ်ဖိစီးမှုမျိုး အရင်က မခံစားရဖူးဘူး။ ကျမ ဘာလုပ်ရမှန်းလဲ မသိဘူး။ ပြဿနာက အကြီးကြီးမို့ ကြောက်စရာကြီး။ ကျမကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် နေလာခဲ့ရတော့ ကျမပတ်ဝန်းကျင်မှာ ဒါမျိုး ဒုက္ခရောက်တာ မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ အကြံပေးဖို့ ဆုံးဖြတ်လိုက်တယ်”
ဟုတ်သည်။ နန်စီက မိခင်တစ်ယောက်လို မိန်းကလေးငယ်တွေကို စောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ဒါက လွယ်တဲ့ အလုပ်တော့မဟုတ်။ တခဏ လမ်းကြုံလို့ ၀င်လုပ်လို့ ရတာမျိုးမဟုတ်။
“အရင်က ထိုင်းစကားတောင် ပြောတတ်တာမဟုတ်ဘူး။ ကျမ ဘာစလုပ်ရမှာလဲ။ သူတို့ ဘာသာစကား နားလည်ဖို့ ကျမအတွက် အတော်ခက်တာ။ ကျမ ဆက်ကြိုးစားတယ်။ အဘိဓာန်တွေလှန် ရုပ်ပုံတွေကြည့်ပြီး ကလေးမတွေ ပြောချင်တာ၊ သူတို့ ရန်ဖြစ်နေတာကို သိအောင် လုပ်ရတယ်။ နောက်တော့ မဖြစ်မနေ တတ်လာတာပေါ့”

နန်စီက ဆက်ပြောသည်။ “တစ်နှစ်အတွင်းမှာ မိန်းကလေးတွေကို ထိုင်းစကားနဲ့ ကျမ ချော့တတ် အားပေးနှစ်သိမ့်တတ်လာတယ်။ သူတို့ လိုအပ်ချက်တွေနဲ့ လမ်းသစ်ကိုညွှန်ပြဖို့ ကျမ ကူညီပေးနိုင်လာတယ်။ အဓိကဟာကတော့ သူတို့ကို ဂရုစိုက်တဲ့ တစုံတဦး ရှိတယ်ဆိုတာ သူတို့ သိဖို့ပဲမဟုတ်လား”
နန်စီက ကျေးရွာ ပရော့ဂျက်တစ်ခုလုပ်နေရင်း ‘အေဂျီ’ လို့ခေါ်တဲ့ ခပ်ချောချော အခါ လူငယ်နဲ့တွေ့ခဲ့သည်။ နောက်တော့ လက်ထပ်ဖြစ်ခဲ့သည်။
“အခါလူမျိုးတွေကြားထဲမှာ အေဂျီကို ကျမတွေ့ရတော့ အတော် စိတ်လှုပ်ရှားမိတယ်၊ သူသာ အနောက်နိုင်ငံသားဖြစ်ရင် တစ်မိနစ်အတွင်း ကျမ လက်ထပ်မိလိုက်မှာ။ ဒါပေမဲ့ ကျမတို့ အချိန်ယူပြီး မိတ်ဆွေ အဖြစ်ကနေ ချစ်သူဘ၀၊ နောက် အိမ်ထောင်သည်ဘ၀ ဖြစ်ခဲ့ကြတာ။ အရင်က ကျမအဖို့ တောင်ပေါ်သား လူမျိုးစုထဲက တစ်ယောက်ကို လက်ထပ်ယူဖို့ဆိုတာ ဘယ်လို တွေးကြည့်ဖြစ်မှာလဲ” လို့ ပြောနေစဉ် နန်စီ မျက်နှာမှာ အပြုံးတွေနှင့်။
သူတို့နှစ်ယောက်က ကျေးရွာ လူမှုရေး ပရော့ဂျက်များစွာ လုပ်ရင်း ချစ်သူတွေ ဖြစ်သွာခဲ့ကြသည်။
“တစ်နေ့ အေဂျီ က ပြောတယ်။ သူဟာ နိမ့်ကျတဲ့ လူမျိုးစုက လာတာ။ သူမှာ မော်တော်ဆိုင်ကယ်ရယ်၊ ဘွဲ့လက်မှတ်ရယ်၊ ဘုရားသခင်အတွက် နှလုံးသားရယ်ကလွဲလို့ ဘာပိုင်ဆိုင်မှုမှ မရှိဘူးတဲ့။ အမေရိကမှာ သူ ပညာဆက်သင်ချင်ပေမယ့်၊ သူ့လူထုကို ဒီအတိုင်း ပစ်မထားရက်ဘူးလို့ ပြောလာတယ်။ ဆိုလိုချင်တာက ကျမသူ့ကို လက်ထပ်ရင် ဘယ်နည်းနဲ့မဆို ကျမတိုင်းပြည်ကို စွန့်ခဲ့ရမယ်ပေါ့။”
နန်စီအဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရမယ်ဆိုတာ ကျမ စဉ်းစားမိသည်။
“အေဂျီ အဖေက ကျေးရွာရဲ့ လူမျိုးစု ခေါင်းဆောင်ဆိုတော့ မင်္ဂလာပွဲကို တရွာလုံး လာကြတာပဲ။ အခါလူမျိုး ထုံးစံအတိုင်း ဇနီးမယား တစ်ယောက်ဖြစ်ဖို့ ကျမ သက်သေပြခဲ့ရတာတွေရှိတယ်။ မင်္ဂလာပွဲမှာ သစ်ပင် ခုတ်ပြရတယ်၊ ကြက်တွေ အစာကျွေးပြရတယ်”
အေဂျီက ပထမဆုံး အခါလူမျိုးထဲက တက္ကသိုလ်က ဘွဲ့ရတဲ့သူ၊ သူ့လူမျိုးစုအတွက် အချိန်ပြည့် ခရစ်ယာန် သင်းအုပ်ဆရာ အလုပ်လုပ်နဲ့ လူမှုရေးအလုပ်တွေ တွဲလုပ်သူဖြစ်သည်။ နောက် နန်စီနဲ့ နှစ်ယောက်ပေါင်းပြီး မျိုးနွယ်စုထဲက ဒုက္ခရောက်တဲ့ ကလေးတွေအတွက် ခြံကျယ်ကျယ်ထဲမှာ အိမ်ကြီးကြီးတစ်လုံးဆောက်ပြီး လိင်ကုန်ကူးမှ ကယ်တင်ပေးဖို့ လုပ်ကြသည်။ ဂျင်းဘောင်းဘီဝတ် နေကာမျက်မှန်နှင့် ပညာတတ် အေဂျီတစ်ယောက် သူ့ကျေးရွာ လူမျိုးစုများနှင့် အလုပ်လုပ်နေပုံကို ကျမ မြင်ကြည့်နေမိသည်။
ကျမတို့ ဈေးဝယ်ပြီးသွားတော့ နန်စီက သမီး ကီယာစတင်နှင့် ကျမကို အခြားလမ်းတစ်ဖက်ဆီ ဆွဲခေါ်သွားပြန်သည်။ မှောင်မှောင်မည်းမည်း အရိပ်သဏ္ဍန်တွေပဲ မြင်ရတဲ့ လမ်းကလေး။ အမေရိကမှာတော့ ဒီလို လမ်းကြားမျိုး ရောက်သွားသည်နှင့် လုံခြုံစိတ်ချရမှုကမရှိ။ အန္တရာယ်နံက သင်းနေမည်။ သမီးအတွက် ထိတ်ကနဲ စိုးရိမ်သွားမိသည်။
ရှေ့မှာ ဒစ္စကို မီးသီးလို လည်နေသော မီးစလိုက်ကို တွေ့ရသည်။ ဘားဆိုင်တွေပဲ ဖြစ်မည်။ “အိုကေ ပါ့မလား” ဟု နန်စီကို မေးလိုက်သည်။ ကျမတို့ နောက်နား ခပ်ခွါခွါမှ လူငယ်သုံးယောက် လမ်းလျှောက်လိုက်လာနေသည်။ ကျမတို့ကို တစုံတရာ အန္တရာယ်ပေးရင်တော့ ကျမတို့ ဘာမှ တတ်နိုင်မည် မဟုတ်။ ကီယစတင်ကို အနားနား ပိုကပ်ထားလိုက်သည်။ အို ဒါ ထိုင်းနိုင်ငံ မြောက်ပိုင်းပဲ။ နန်စီက လုံခြုံစိတ်ချရလို့ ဒီခေါ်လာတာပဲ။
ဘားဆိုင်တစ်ဆိုင်ရှေ့တွင် နန်စီကရပ်လိုက်လို့ ကျမ ကြည့်လိုက်တော့ ၁၅၊ ၁၆ နှစ် မိန်းမပျိုလေးတွေ။ တချို့လည်း ၂၀ လောက်ရှိမလား မဆိုတတ်ဘူး။ ဘားဆိုင် အပြင်ဖက်တွင် စုရုံးစုရုံး လုပ်နေကြသည်။ ဂျင်းတွေ တီရှပ်တွေ ၀တ်ထားကြသည်။ စကတ်တိုတို ၀တ်သူကလည်း ၀တ်။ အားလုံး ဆယ်ကျော်သက်တွေ။
“သူတို့ ပြည့်တန်ဆာမလေးတွေလေ” နန်စီ အသံက စို့နင့်နင့်။
နန်စီ စကားက ကျမကို ရှော့ဖြစ်သွားသည်။ အမေရိကန် ရုပ်ရှင်တွေမှာ ကျမမြင်ဖူးတဲ့ ပြည့်တန်ဆာတွေနဲ့ ဒီကလေးမတွေက ဘာမှကိုမဆိုင်။
ဒါကြောင့်လည်း အနောက်ကတောင် တကူးတက လာကြတာ ဖြစ်မည်။ ကျမတို့ ဘားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်က ကောင်မလေးတွေနဲ့ ကောင်လေးတွေကို ဖြတ်ကျော်လာသည်။ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ နန်စီရဲ့ အခါလွယ်အိတ်ကို စကတ်တိုတို ကောင်မလေးက သတိထားမိပုံရသည်။ အခါ စကားနှင့် “ဟလို” ဟု လှမ်းနှုတ်ဆက်သည်။ နန်စီက အခါစကားနှင့် ပြန်နှုတ်ဆက်လိုက်တော့ အားလုံး ကြက်သေသေ သွားကြသည်။ ဒီနေရာမှာ အခါစကား ဘယ်သူပြောတတ်မှာမို့လဲ။
ပြည့်တန်ဆာမလေး သုံးဦးအနက် အငယ်ဆုံးက ဆယ့်သုံးနှစ်။ အကြီးဆုံးက ဆယ့်ကိုးနှစ်။ နန်စီရဲ့ လွယ်အိတ်ကို ကိုင်ကြည့်ကြသည်။ ပြီး သမီး ကီယာစတင်ကို မျက်လုံးပြာပြာ ၀ိုင်းဝိုင်းကလေးများနှင့်ကြည့်ရင်း စကားတွတ်ထိုးနေကြသည်။ သမီးက သူတို့စကားကို နားမလည်ဘဲ ကြောက်ရွံနေသည်။
နန်စီကတော့ ကြောက်ရွံ့မှု မနှစ်မြို့မှုမပြ။ နွေးထွေးကြင်နာမှုတွေ အပြည့်နှင့် လှိုက်လှိုက်လှဲလှဲ စကားပြောနေသည်။ သူတို့လေးတွေဆီမှ အပြုံးက သမီးဆီလည်း ကူးဆက်သွားပြီ။ ကျမသမီးလေးလည်ပင်းမှ ဆွဲကြိုးလေး ကိုင်ကြည့်ကြရင်း “ညီမလေးက အရုပ်ကလေးလိုပဲနော်” ဟု နန်စီကတဆင့် ပြောနေသည်။
နန်စီက ကျမတို့ အမေရိကမှ အလည်လာခဲ့ကြောင်း ပြောပြတော့ သူတို့ ပြုံးကြသည်။ ကီယာစတင်နဲ့အတူ ဓာတ်ပုံတွဲရိုက်သည်။ မိန်းကလေးတွေရဲ့ အပြုံးတွင် ၀မ်းနည်းရိပ်စွက်နေသည်။ သူတို့ နှလုံးသားတွင် နာကျင်နေသလို ကျမ နှလုံးသားတွင်လည်း လေးလံနာကျင်နေပါပြီ။ သူတို့ တစ်ယောက်ချင်းစီရဲ့ လိင်ကျေးကျွန် ဘ၀မှ လွတ်မြောက်ရေး အိပ်မက်တွေကို ကျမမျှော်တွေးနေမိသည်။
ကဲ ရှေ့ဆက်ရွေ့ရဦးမည်။ လက်ပြနှုတ်ဆက်ရင်း လမ်းကြားလေးအတိုင်း ထွက်လာခဲ့ကြသည်။ ဟိုဟိုဒီဒီ ကြည့်မိတော့ ဒေသခံ အမျိုးသမီးငယ်တွေဆီ လာနေကြ ဖောက်သည် နိုင်ငံခြားသားတွေ တွေ့လိုက်ရသည်။ မိန်းကလေးအချို့ကို အ၀တ်အစား လက်ဆောင် ပေးနေသူကလည်း ရှိသည်။
ဒီမြင်ကွင်းကြောင့် အော်ဟစ် ဆဲဆိုပစ်လိုက်ချင်စိတ်တွေကို မနည်းအောင့်ထား မျိုသိပ်ထားလိုက်ရတော့ မျက်ရည်တွေ အလိုလို ကျမပါးပြင်ပေါ် စီးကျလာသည်။ ဘာကြောင့် ကလေးတွေကို တကူးတက လာဖျက်ဆီးနေကြတာလဲ။ သမီးကတော့ ကျမလက်ကို ကျစ်ကျစ်ဆုပ်ရင်း အရာရာကို တိတ်ဆိတ်စွာ ငေးကြည့်ပြီး ဖြစ်ရပ်ကားချပ်တစ်ခုလုံး အနက်ကို ဖမ်းဆုပ်နိုင်ပုံမရ။
ထိုင်းရဲ့ ထူးထူးဆန်းဆန်း ဆန့်ကျင်ဖက်သဘာဝနှစ်ခု အတူတွဲရှိမှုကိုလည်း ကျမအံဩရသည်။ ကလေးပြည့်တန်ဆာလုပ်ငန်း ကြောက်မက်ဖွယ် ဖြစ်နေတဲ့နိုင်ငံမှာ၊ ကလေးကို အရမ်းတန်ဖိုးထား ချစ်မြတ်နိုးသူတွေ နေထိုင်နေကြသည်။ တည်ငြိမ်တဲ့ မိသားစုများက ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်၊ ကျောင်းကောင်းထား၊ ရှောပင်ထွက်၊ ပန်းခြံခေါ်သွား။ ထိုင်းလူ့အဖွဲ့အစည်းတွင် ကလေးများက အခရာဖြစ်သည်ဟု ဆိုရမည်ပင်။ ဒီလို ရိုးရှင်းချစ်စရာ အပြုအမူများက သူတို့ပတ်ဝန်းကျင်က သူတွေကိုတောင် ပီတိဖြစ်စေသည်။
သို့သော် ဆင်းရဲတွင်းတွင် မွေးဖွားသူများ၊ ဆေးစွဲနေသူရဲ့ သားသမီးများအတွက်တော့ ကံကြမ္မာက ခြားနားလှသည်။ ပြည့်တန်ဆာလုပ်ငန်းမှရတဲ့ ငွေကြေးက သူတို့ကို သွေးဆောင်ထားသည်။ ထမင်းတစ်ပန်းကန်၊ ပေါင်မုံတစ်ဖဲ့အတွက် ခန္ဓာကိုယ် ရင်းရတော့မည့် ကလေးငယ်တွေက သိန်းသောင်းချီနေသည်။
ခဏကြာတော့ ဟိုတယ်ခန်းဆီ ကျမတို့ ပြန်ခဲ့ကြသည်။ ကီယာစတင်က အမေရိကရှိ အိမ်ကို ဖုန်းခေါ်သည်။ တွေ့ကြုံခဲ့ရသမျှ သူ့ဖေဖေကို ဖောက်သည်ချသည်။ သူ့အဖေကို ရင်ဖွင့်လိုက်ရတော့ သမီးလေးမျက်နှာတွင် ဖုံးလွှမ်းနေသည့် ၀မ်းနည်းမှုတွေ လွင့်ပြယ်သွားဟန်ရှိသည်။ ဖုန်းကို လက်နှင့် အသာဖိထားရင်း “မေမေ ပြည့်တန်ဆာလေးတွေအကြောင်း ဖေဖေကို ပြောပြလိုက်ရမလား” ဟု ကျမကို တိုးတိုး လှမ်းမေးသည်။ “ပြန်ရောက်မှာ ပြောပေါ့ သမီးရယ်” လို့ သူ့အဖေ စိုးရိမ်သွားမှာစိုးလို့ နှစ်သိမ့်ထားလိုက်ရသည်။

(၃)
အဲဒီည ၀မ်းနည်းငိုကြွေးနေတဲ့ မိန်းကလေးတွေမျက်နှာက ကျမ အိပ်မက်ထဲ ပြေးမလွတ်တော့။ သို့သော် အာရုဏ်ဦး အလင်းရောင်နှင့်အတူ ကျမတို့ထကြသည်။ မြစ်ကိုဆန်တက်ရင်း ကရင်လူမျိုးစု ကျေးရွာတစ်ရွာဆီ သွားဖို့ စီစဉ်ထားသည်။ ကီယာစတင်ကလည်း ဆင်တစ်ကောင် စီးရမည်ဆိုတဲ့ စိတ်ကူးတွေနှင့်။
အေဂျီကတော့ ထုံးစံအတိုင်း ကလေးများထိန်းသိမ်းစောင့်ရှောက်ရေး အိမ်ဂေဟာမှာ အလုပ်ရှုပ်မြဲမို့၊ နန်စီပဲ ကျမတို့အတွက် အဖော်လမ်းပြ။ ကျမတို့ လှေနှင့် မောင်းမယ့်သူကို ငှားရသည်။ နန်စီရဲ့ ခုနှစ်နှစ်သား ဇီယွန်နှင့် လေးနှစ်သား ဆေးလ် တို့လည်း ကျမတို့နှင့် အတူ။
ကျမတို့ မော်တော်ဘုတ်ကလေးက ချင်းရိုင်မြို့ကလေးကို နောက်မှာထားပြီး မဲခေါင်မြစ်အတိုင်း ဆန်တက်သွားသည်။ အစိမ်းရောင် သစ်ပင်ကြီးတွေနဲ့ မြက်ရိုင်းရှည်ကြီးတွေ ဖုံးလွှမ်းထားတဲ့ တောင်မြင့်မြင့်ကြီးတွေက ကမ်းပါးတလျှောက် လက်ဝဲလက်ယာ။ ခေါင်းပေါ် ဟိုးအဝေးမှာ ဝေ့၀ိုက်ပျံဝဲနေတဲ့ သိန်းငှက်များကလွဲလို့ လူသူတိရိစ္ဆာန် တောရိပ်တွင် မမြင်တွေ့ရ။ မော်တော်ဘုတ်ဆရာကတော့ သူ့မျက်လုံးက ရှေ့တည့်တည့်ဆီ စူးစူးစိုက်စိုက်။
ရုတ်တရက် ငါးပိုက်ဆင်တဲ့ လူတစ်ယောက်နှစ်ယောက် ရေထဲက ဘွားကနဲ ဘွားကနဲ ပေါ်လာတတ်ပေမယ့် ကျမတို့ကို လုံးလုံးဂရုမစိုက်အား။ ကလေးသုံးယောက်ကတော့ ရေတွေကို လက်နဲ့ပုတ်ရင်း အော်ဟစ်လျက်။
တောင်ခြေတစ်ခုနား မော်တော်ကပ်လိုက်တော့ လူမျိုးစု ကျေးရွာတစ်ရွာကို ပထမဆုံး ကျမ မြင်ဖူးလိုက်ရသည်။ အိမ်အားလုံးက ၀ါးနဲ့ဆောက်ထားတဲ့ တဲတွေ။ မိနစ်အနည်းငယ်ခန့် နားနေခိုက် သမီး ကီယာစတင်က ထအော်သည်။
“မေမေ ဟိုမှာကြည့် ဟိုမှာကြည့်”
သူလက်ပြရာ ကြည့်လိုက်တော့ မြစ်ထဲမှာ ရေဆော့ကစားနေတဲ့ ဆင်တွေ အများကြီးကို မြင်ရသည်။ ကျန်ဆယ်ကောင်လောက်က ကမ်းပေါ်မှာ။ ကျမတို့ ရှိနေတာ ဂရုစိုက်ပုံမရ။ ရုတ်တရက် ဆယ့်ငါးပေလောက်ရှည်တဲ့ စပါးကြီးမြွေကြီး ထမ်းလာသည့် လူနှစ်ယောက်က ကျမတို့ကို ဓာတ်ပုံရိုက်မလား ဟု နှုတ်ဆက်မေး မေးနေသည်။ ကီယာစတင် ကတော့ ငယ်သံပါအောင် အော်ပြီးထွက်ပြေးနေသည်။
မကြာခင် လူနှစ်ယောက်နောက်မှာ ဆင်တွေ တပြုံကြီးလိုက်လာကြသည်။ သူတို့ နှာမောင်းကို ကျမတို့ဆီ လှမ်းယမ်းရင်း အစာတောင်းနေသည်။ တစ်ကောင်ရဲ့ နှာမောင်းက ကီယာစတင်ကို အတင်းတို့ထိနေသည်။ သမီးက ကျမနား အတင်းတိုးခွေ့ဝင်လာသည်။ အကြိမ် ဒါဇင်ပေါင်းမက ရောက်ဖူးနေတဲ့ နန်စီကတော့ ဆင်နှာမောင်းတွေ တွန်းဖယ်ရင်း အသာဖယ်လျှောက်သွားသည်။ ကီယာစတင်က သတိထားနေချိန်၊ ဇီယွန်တို့ ညီအကိုကတော့ ငှက်ပျောသီးတွေ ကျွေးရင်း အူမြူးနေသည်။
နန်စီက ကရင်ရွားသားတွေကို ထိုင်းစကားနှင့် ပြောသည်။ ထိုင်းစကားက နယ်စပ် ကရင်လူမျိုးစုများအဖို့ ဒုတိယ ဘာသာစကားလေ။ “ဆင်တစ်ကောင်ငှားစီးရင် ၁၅၀ဘတ်” လို့ ကျမတို့ကို လှမ်းပြောသည်။ သမီး ကီယာစတင်က ဆင်စီးဖို့ သူ့ဟာသူ တိတ်တိတ်ဆုံးဖြတ်ပြီးသား။ ဒီလိုနှင့် ကျမတို့ ဆင်ပေါ်ကို ကြိုးသစ်သား လှေခါးအတိုင်း တက်လိုက်ကြသည်။ ဆင်စီးရသည်မှာ အထာမကျလှ။
ကီယာစတင်ကတော့ တခစ်ခစ်နှင့် “ဘောလုံးကြီး စီးနေသလိုပဲ မေမေ” တဲ့။
ကရင်ကျေးရွာ လမ်းကြားကလေးကို ဖြတ်သွားစဉ် ကြက်တွေ ခွေးတွေက ဟိုပြေးဒီပြေးနှင့်။ ကျမ အပေါ်စီးကနေ ရွာတဲအများစုကို လှမ်းမြင်နေရပြီး၊ ထမင်းချက်၊ အင်္ကျီချုပ်၊ သန်းတုတ် နေကြသည်။ ကီယာစတင်ကတော့ စူးစူးစိုက်စိုက် လိုက်ကြည့်နေသည်။ လျှပ်စစ်မီးမရှိတာ၊ အီမ်သာတွေ မရှိတာကို သတိပြုမိပါ့မလား။ ကျမတို့ ကော်လိုရာဒိုက အိမ်နဲ့ ဘယ်လောက်ကွာခြားသလဲ။ ကောက်ရိုးနဲ့ သက်ကယ် အိမ်နံရံတွေ၊ ညစ်ပတ်တဲ့ ကြမ်းပြင်တွေက သမီးကို ရှော့ဖြစ်စေသလား။ သူ့ကို ကြည့်လိုက်တော့ ဘာမှမပြောဘဲ အတွေးနက်နေသည်။
တောင်ခြေမှာ နေထိုင်ကြသည့် ကရင်လူမျိုးစုများမှာ စိုက်ပျိုးရေးနှင့် မုဆိုးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အမျိုးသမီးအများစု အ၀တ်အစားတွေက နွမ်းကြေနေပြီး၊ ရှည်ရှည်လျားလျား ဆံပင်များကို ထုံးသူထုံး ဖားလျားချသူချ။
ဆင်ပေါ်ထိုင်ရတာ တောင့်တင်းနေပြီမို့၊ ကျမတို့ ညစ်ပတ်သည့် ရွာလမ်းတလျှောက် ဟိုခုန်ဒီကျော် ဆင်းလျှောက်ကြသည်။ ရွာဆိုင်ကလေးများတွင် အမျိုးသားများ စုရုံးစကားပြောနေကြသည်။ အမျိုးသမီးငယ်တစ်ယောက်က နေပူပူအေက် ငရုတ်သီးထွက်လှမ်းနေသည်။ သူ့သားငယ်လေးက ဖုန်တွေပေရေပြီး ဆော့နေသည်။ အိမ်အများစုတွင် စားပွဲတစ်လုံး ကုလားထိုင်တစ်လုံးလောက်မှလွဲလို့ ပစ္စည်းများများစားစား ရှိပုံမရ။ ကီယာစတင်မျက်လုံးတွေလည်း ပိုကျယ်လာသည်ထင့်။ ဆင်းရဲမွဲတေမှုဆိုတာ သမီး ပထမဆုံး စမြင်ဖူးလိုက်တာ ဖြစ်သည်။
ကျမတို့ မြို့အပြန်က ညဥ့်နက်ပြီး၊ မော်တော်ဘုတ်ပေါ်မှာတော့ ချမ်းစိမ့်နေသည်။အနွေးထည်တွေ ယူလာမိတာ ကံကောင်းသည်။ ဇီယွန်နှင့် ဆေးလ်ကတော့ မော်တော်ထွက်ပြီး မကြာခင် အိပ်ပျော်သွားပြီ။ နန်စီနှင့် ကျမတို့ ကလေးတွအနား နီးနီးကပ်ကပ် နေကြရင်း ဘာရယ်မသိ ပြုံးမိကြသည်။ ကျမစိတ်တွေက ရွာမြင်ကွင်းလေးထဲက မထွက်တော့။ ရွာက ကလေးတွေကို ဘယ်လို ပညာတတ် လူလားမြောက်အောင် ပျိုးထောင်ကြပါ့မလဲ။
ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့ ဘာမှကိုမရှိသလောက်ဖြစ်နေတဲ့ နေရာမှာ ကလေးတွေ ပျိုးထောင်ဖို့ဆိုတာ မခက်ဘူးလား။ ဘာမှ ရုပ်ဝတ္ထုမရှိ၊ လှလှပပ ၀တ်စားစရာမရှိ၊ ဖက်ရှင်မရှိ၊ လျှပ်စစ်မီးမရှိတာတွေက ပိုကောင်းလေသလား။ ကလေးတွေရဲ့ ပျော်ရွှင်မှုက ငွေကြေးနဲ့ ၀ယ်ယူလို့ရတာတွေကလာတာမဟုတ်၊ မိသားစုရဲ့ ကြင်နာစောင့်ရှောက်မှုကလာတာတယ် ဆိုတာလည်း ဟုတ်နေပြန်သည်။
ကမ္ဘာအနှံက မိခင်တိုင်းလိုပင် အခါလူမျိုးစုနဲ့ ကရင်လူမျိုးစု မိခင်တွေလည်း သူတို့ရင်သွေးတွေအတွက် အစွမ်းကုန် ချစ်ကြ၊ ကာကွယ်စောင့်ရှောက်ကြ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းချင်ကြမှာပင်။ ဒါဆို အိမ်ကြီးရခိုင် တိုက်တာတွေမှာ နေကြတဲ့ မိခင်တွေနဲ့ တဲစုတ်စုတ်မှာ နေထိုင်ကြရတဲ့ မိခင်တွေ ဘာကြောင့် သားသမီးတွေ စောင့်ရှောက်ပုံ ဒီကမ္ဘာမှာ အများကြီး ကွာခြားနေရသလဲ။

(၄)
ရက်အနည်းငယ်ကြာတော့ နန်စီ၊ ကီယာစတင်နှင့် ကျမတို့ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး တာချီလိတ်မြို့သို့ သွားခဲ့ကြသည်။ လမ်းများပေါ်တွင် ဈေးသည်ပေါင်း မြောက်များစွာနှင့် ဈေးပေါပေါ အ၀တ်အစားများ၊ လ္ဘက်ရည်ဆိုင်များကို တွေ့ရသည်။ ဈေးဝယ်ခြမ်းဖို့ကောင်းလိုက်တာ။ သို့သော် အချိန်က များများမရှိ၊ မြန်မာပြည်ဖက်ခြမ်းက အခါတွေဆီ သွားလည်ဖို့ လာခဲ့တာမဟုတ်လား။
“နယ်စပ်ဖြတ်လာရတာ တစ်တစ်ခါ သိပ်လုံခြုံတာ မဟုတ်ဘူး၊ ကရင်နဲ့ ဗမာစစ်တပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ပစ်တတ်ခတ်တတ်တာတွေ ရှိတယ်။ ဗမာစစ်တပ်က ရွာလုံးကျွတ် ရှင်းပစ်တာတွေလည်း ရှိတယ်” ဟု နန်စီက ပြောပြသည်။
အဲဒီနေ့ကတော့ အခြေအနေကောင်းပုံရသည်။ နယ်စပ် လုပ်နည်းလုပ်ဟန်တွေကို ကျမ သိပ်နားမလည်ပေမယ့် ထိုင်းဘက်တွင် ကျမတို့ ပတ်စပို့ကိုအပ်၊ မိတ္တူကို မြန်မာဘက် ယူသွားရသည်။ မြန်မာဘက်ကူးခ ၅ ဒေါ်လာစီ ပေးရပြီး ညနေ ၆ နာရီ ပြန်ကြရမည်။
“မျက်လုံးကို ရှေ့တည့်တည့်ပဲကြည့်၊ ကိုယ်သွားမယ့်နေရာ ကိုယ်သိနေတဲ့ပုံနဲ့နေ၊ ဘယ်သူကိုမှ စကားမပြောမိစေနဲ့” လို့ နန်စီက နှစ်နိုင်ငံ နယ်စပ်တံတား အကူးတွင် ကပ်မှာထားသည်။ သို့သော် ကျမမျက်လုံးက ရှေ့တည့်တည့် မကြည့်နိုင်အားပါ။ ပိန်ပိန်သေးသေး ညစ်ပတ်ပေရေနေတဲ့ ကလေးဒါဇင်ကျော်က တံတားကူးကတည်းက လိုက်လံတောင်းရမ်းနေသည်။
“အပြန်ကျမှ ပိုက်ဆံပေး၊ အခုပေးလိုက်ရင် တကောက်ကောက် လိုက်နေကြတော့မှာ” လို့ နန်စီက ပြောသည်။ ခက်တာက ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က ကျမတို့နောက် တတွတ်တွတ်ပြောရင်း ထပ်ကြပ်လိုက်လာသည်။ လည်ပင်းကလည်း စောင်းငန်းငန်းနှင့်။ မြင်ကွင်းကို ကျမ မခံစားနိုင်တော့ပါ။ သမီး ကီယာစတင် မျက်နှာတွင်လည်း စိုးရိမ်ထိတ်လန့်ပြီး ကျမလက်ကို ကျစ်ကျစ် ဆုပ်ထားသည်။ နန်စီ မျက်နှာ လှမ်းကြည့်လိုက်တော့လည်း ငိုတော့မည့်ပုံ။
“ကျမတို့ တတ်နိုင်မှာ မဟုတ်ဘူး။ ဒီမှာ ဒီလို ကလေးတွေ အများကြီးမှ အများကြီး” နန်စီက ကြိုးစား ရှင်းပြသည်။
မြန်မာပြည်ကြည့်ရတာ ကမ္ဘာနှင့် အတော့်ကို ခေတ်အဆက်ပြတ် ကျန်ရစ်နေသည်။ မြင်းလှည်းတွေက လမ်းပေါ် နေရာအတော်ယူထားသည်။ တွေ့ရသမျှ ကားတွေက ကုန်ပစ္စည်းအပြည့်၊ မီးပွိုင့်က မရှိသလောက်။ နွားလှည်းတစ်စီးက ကျမတို့ဘေးမှ တကျွီကျွီနှင့် ဖြတ်တက်သွားသည်။
လူအများစုက လုံခြည်ဝတ်ကြသည်။ စတိုးဆိုင်ကောင်းကောင်း ကုန်သွယ်ရေးစင်တာကောင်းကောင်း ကျမရှာကြည့်သည်။ ထိုင်းတွင် မှိုလိုပေါက်နေတဲ့ 7-11 စတိုးဆိုင်ပုံစံ ဆိုလို့ တစ်ဆိုင်ပဲ ရှာတွေ့သည်။ ကျမတို့ကို လာတွေ့တဲ့ နန်စီ မိတ်ဆွေ အခါ မိသားစု လေးယောက်အတွက် အန္တရာယ်က များလှသည်။
တိုင်းရင်းသား လူမျိုးက နိုင်ငံခြားသားနှင့် ဆက်ဆံဖို့ မြန်မာနိုင်ငံတွင် မလွယ်လှ။ သို့သော် ငယ်ရွယ်သူ အခါတွေက ၀မ်းသာအယ်လဲ ဖြစ်နေသည်။ ရိုးရိုးရှင်းရှင်း ဆောက်ထားသည့် သစ်သားနှစ်ထပ်အိမ်ကြီးက စားပွဲရှည်ပေါ်တွင် စားစရာ အပြည့်နှင့် ဧည့်ခံကြသည်။ အရသာရှိလိုက်တဲ့ အစားအစာတွေ။ အခါတွေက ကျမတို့နား ၀ိုင်းနေကြသည်။ ကီယာစတင် ကတော့ ခေါင်းတွင် ပန်းလေးတစ်ပွင့်၊ ရယ်သံနှင့်အတူ ပျော်လွန်းနေသည်။
နေ့လည်စာ စားသောက်ပြီးချိန်မှာ လူငယ်တွေက ကုလားထိုင်များ တန်းစီလျက် နှစ်တန်းခွဲလိုက်သည်။ အခါ ခရစ်ယာန် ယုံကြည်ချက် တေးသီးချင်းများနှင့် ဆိုကြ ကကြ။ နန်စီက ကျမတို့ကို ဘာသာပြန်ပြတာတွေလည်း ရှိသည်။ အားလုံး မျက်နှာတွေပေါ်မှာ ပျော်ရွှင်မှုတွေ အတိုင်းသား။
“မေမေ သူတို့မှာ ဘာမှ ရှိတာမဟုတ်ဘူးနော်။ ဒါပေမဲ့ သိပ်ပျော်ရွှင်ကြတယ်” ထိုင်းဖက်အပြန် တံတားကူးစဉ် ကီယာစတင်က ပြောသည်။ သိပ်ပျော်ရွှင်ကြတယ် ဆိုပါလား။ အခါတွေမှာ ခေါင်းပေါ်မှာ အမိုးကလွဲလို့ ပိုင်ဆိုင်မှုတွေ များများစားစား မရှိ။ သမီးအတွက် သင်ခန်းစာကောင်းတစ်ခုနှင့် စဉ်းစားစရာတွေ ရသွားသည်။

(၅)
နောက်တစ်ပတ်တွင် နန်စီက ကားနှင့် ကျမတို့ကို မောင်းခေါ်သွားပြီး ‘အာရှ ခရီးသွားလုပ်ငန်း ကလေးပြည့်တန်ဆာ ပပျောက်ရေး’ (ECPAT) အဖွဲ့မှ ဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ ထိုင်းအမျိုးသမီး ကူစူမယ်လ် ရချဝေါင် နှင့်တွေ့ဆုံစေသည်။
အသက် ၃၅နှစ်ခန့်ရှိ ကူစူမယ်လ် က သူမ အလုပ်ကို စွဲစွဲလန်းလန်း အရူးအမူး လုပ်နေသူမို့ ကျမ သဘောကျသည်။ လ္ဘက်ရည်နှင့် ဧည့်ခံပြီး ထိုင်စကား ပြောဖြစ်ကြသည်။ ကီယာစတင်ကိုတော့ မကြားဝံ့မနာသာတွေ မကြားစေချင်လို့ စာအုပ်တွေနှင့် ခပ်ဝေးဝေးမှာ ထားရသည်။
“တရားဝင် ရီပို့တ် အရတော့ ထိုင်းမှာ ပြည့်တန်ဆာ အရည်အတွက် ကျဆင်းသွားပြီလို့ တင်ပြကြတာပေါ့နော်။ ဒါ မမှန်ပါဘူး။ ရုံတွေကို ပိတ်ပစ်လိုက်တော့ မြေအောက်လုပ်ငန်း ပိုဖြစ်ကုန်တယ်။ မိန်းကလေးတွေကို ကာရာအိုကေ၊ ဘားတွေ၊ ဟိုတယ်တွေနဲ့ အနှိပ်ခန်းတွေမှာ ရှာလို့ရတယ်” ဟု ကူစူမယ်လ် က ရှင်းပြသည်။
“အေဒ့်စ် ရောဂါက အမြဲကြောက်မယ်ဖွယ် အခြေအနေပါ။ ထိုင်းမှာ HIV/AIDS နဲ့ ရှင်သန်နေထိုင်နေတဲ့ အသက် ၁၅ နှစ်အောက် ကလေး ၂၄၀၀၀ ရှိတယ်။ ကလေးလိင်အလုပ်သမ အများစုကိုလည်း အေဒ့်စ် ရောဂါ ရှိမရှိ စမ်းသပ်တာ မရှိသေးဘူး။ သူတို့ ငယ်ငယ်နဲ့ သေသွားမှာ ကျမ စိတ်ပူနေတယ်” လို့ ရှင်းပြသည်။
လက်ရှိ အေဒ့်စ်ရောဂါ ဖြစ်ပွားမှုမှာ ထိုင်းခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေကြောင်း ECPAT အဖွဲ့က တွေ့ရှိထားသည်။
“ခေါင်းတစ်ယောက်က ဖောက်သည်တွေ ရွေးချယ်ဖို့ ဟိုတယ်မှာ ဓာတ်ပုံအယ်လ်ဘမ်တွေ ပေးထားမယ်။ ပြီး မိန်းကလေးတွေက သူ လွှတ်တဲ့ နေရာ သွားရတာပဲ” ဟု ကူစူမယ်လ် ကပြောသည်။
ထိုင်း လိင်ကုန်ကူးမှု လုပ်ငန်းမှာ အမေရိက၊ ဩစတြေးလျ၊ ဗြိတိန်နှင့် အာရှမှ အမျိုးသားများအတွက် ကျော်ကြားပြီး၊ ဖွံဖြိုးပြီး နိုင်ငံပေါင်းစုံမှ လိင်ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံကို လာကြသည်။ ဒါကြောင့်ပင် ထိုင်းခရီးသွားလုပ်ငန်းက ကောင်းနေပြီး၊ အဆိုးသံသရာကို ဖောက်ထွက်ဖို့ ခက်နေခြင်းဖြစ်သည်။
“ကလေးတွေကို ဘယ်နေရာမှာထားလဲ ဆိုတာ မသိရင် ကြိုတင်ကာကွယ်ရေး လုပ်ဖို့ ခက်ပတယ်။ ကလေးတွေက ကာရာအိုကေဆိုင်မှာ၊ ဘားမှာ၊ အနှိပ်ခန်းမှာ၊ ဓာတ်ပုံအယ်လ်ဘမ်တွေရဲ့ နောက်ကွယ်မှာ အ၀ှက်ခံထားရတယ်” ဟု ပြောပြသည်။
ကျမ ကီယာစတင်ကို လှမ်းကြည့်လိုက်တော့ စာအုပ်လှန်နေသည်။ ကျမတို့ပြောနေတာ တစွန်းတစတော့ ကြားမှာပဲ။ ဒီခရီးကြမ်းအတွက် သမီးလေးရဲ့ ရင့်ကျက်မှုက လုံလောက်ပါရဲ့လား။ ကျမတို့ နောက်ထပ် စကားပြောနေစဉ် ကီယာစတင်က ပြည့်တန်ဆာအဖြစ်မှ ကယ်တင်ထားခံရသည့် ကလေးများနှင့် စကားပြော ဆော့ကစားနေသည်။ ထိုကလေးတွေက လိမ်လည်လှည့်ဖျားမှုမျိုးစုံခံခဲ့ရသူလေးတွေ။ သူတို့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနေကြရသည်။ လိင်ကုန်ကူးမှုက ရိုးသားအပြစ်ကင်းစင်သူများအတွက် ကြောက်လန့်စရာ အမာရွတ်တွေ ချန်ထားခဲ့သည်။
“တကယ့် အမှန်တရားကတော့ ကျမတို့ မတတ်နိုင်တဲ့အရာပေါ့။ ငွေပါ။ လူတွေက အလွန်အမင်း ဆင်းရဲကြတယ်။ ပြည့်တန်ဆာလုပ်ငန်းက ငွေကောင်းကောင်း ရနိုင်တယ်လေ” ဟု ကူစူမယ်လ်က အဆုံးသတ် ပြောလိုက်သည်။
နောက်ရက်များတွင် နန်စီတို့ လင်မယား ထူထောင်ထားသည့် ကျောင်းကလေးကို သွားလည်ဖြစ်သည်။ ဘတ်စကက်ဘော ကစားကွင်း အပြင်ဘက်တွင် လူနေအိမ် တစ်ဒါဇင်မက ဆောက်ထားသည်။ အသက် ၇နှစ်မှ ၂၃ နှစ်အထိ မိန်းကလေး ၈၀ကျော် နေထိုင်ကြသည်။ အားလုံး ထိုင်းကျောင်းများတွင် တက်ရောက်ကြပြီး၊ အင်္ဂလိပ်စာနှင့် အခါဘာသာစကားတို့လည်း သင်ယူကြသည်။ အ၀တ်အစားဟောင်းကလေးများကို သေသေသပ်သပ် ၀တ်ဆင်ထားသည်။
သူတို့ရဲ့ ပျော်ရွှင်ရယ်မောသံတွေ ကျမတို့ ကြားနေရသည်။ မိန်းကလေး တစ်အုပ်စု နန်စီ ကားပေါ်ကဆင်းတော့ အပြုံးပန်းတွေနှင့် ပြေးပွေ့ဖက်ကြသည်။ ကီယာစတင်က ကားပြူတင်းပေါက်ကနေ သူတို့ကို ငေးကြည့်နေသည်။
မိန်းကလေးငယ်တွေ ဒီနေရာတွင် လာရောက် နေထိုင်သည်မှာ နောက်ခံအကြောင်း အမျိုးမျိုးကြောင့်ဖြစ်သည်။ အချို့ကျတော့ ဖအေဘိန်းစွဲနေသူက သူ့ဆေးဖိုးအတွက် သမီးကို ပြည့်တန်ဆာလုပ်ဖို့ ရောင်းစားလို့ ကယ်တင်ထားရတာမျိုး ဖြစ်သည်။ တချို့ကလည်း မိဘတွေ အေဒ့်စ်ရောဂါနှင့် ဆုံးပါးသွားပြီး ဆွေမျိုးသားချင်းတွေက လိင်ကုန်ကူး ရောင်းချထားခြင်း ဖြစ်သည်။
နန်စီက အသက် ၁၂နှစ် အရွယ် မိန်းကလေးကို လက်ညှိုးထိုးပြရင်း “ကျမတို့ အိမ် လူတွေပြည့်နေတဲ့အချိန် သူ ရောက်လာတာပေါ့။ သူ့မိဘတွေ အေဒ့်စ်နဲ့ ဆုံးကုန်လို့ သူ့ဦးလေးက ဒီခေါ်လာတာပါ။ သူဦးလေးကလည်း မွေးထားချင်စိတ်မရှိဘူး။ သူဦးလေးနောက်မှာ ကောင်မလေးက တအီအီနဲ့ ငိုလို့။ ကျမ အရည်ပျော်သွားတယ်။ ဘယ်နည်းနဲ့မဆို ကျမ ခေါ်ထားရမှာပေါ့”
နန်စီနှင့် အေဂျီတို့မှာ ငယ်ရွယ်တဲ့ ကလေးအယောက်ရှစ်ဆယ်အတွက် မိဘများ ဖြစ်နေပြီး ခရစ်ယာန် ယုံကြည်ချက်၊ မေတ္တာတရားနှင့် ဘ၀နေထိုင်မှုတို့ကို လမ်းပြနေကြသည်။ တကယ့် မိသားစု မဟုတ်ပေမဲ့၊ မိသားစုမေတ္တာတရား အပြည့်အ၀ ဖြည့်ဆည်းပေးနေသည်။
ချစ်စရာ မိန်းကလေးတစ်ဦးက ကလေးငယ်နှစ်ယောက် လက်ဆွဲပြီး အခန်းထဲဝင်လာသည်။ “သူ့နာမည် အေဂေါ လို့ခေါ်တယ၊် ကျမတို့ လုပ်ငန်းကို အဓိက ကူညီသူပေါ့” ဟု နန်စီက မိတ်ဆက်ပေးသည်။ အေဂေါက လဘက်ရည်ဖျော်တိုက်ရင်း သူမဘ၀ကို ပြောပြသည်။
“ကျမ ၁၄ နှစ်သမီးမှာပေါ့။ တစ်နေ့ အပြင်ကအိမ်ပြန်လာတော့ ၁၆နှစ်ရှိတဲ့ ကျမ အစ်မ မူခ်ဒ ပျောက်နေတာ သိသွားတယ်။ အစ်မ အိမ်က ဘာကြောင့် ထွက်သွားတယ်ဆိုတာလည်း ဘယ်သူမှ မပြောကြဘူး။ အမေ့မျက်နှာမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေ ဖုံးလွှမ်းနေတာပေါ့”
ဓနောက်တော့မှ ကျမ သိသွားတယ်။ ဘိန်းစွဲနေတဲ့ ကျမ အဖေက အစ်မကို ပြည့်တန်ဆာလာဝယ်သူတွေကို ရောင်းပစ်လိုက်တာတဲ့။ နောက် ငါးနှစ်လောက်ကြာတော့ အစ်မလည်း အေဒ့်စ် ရောဂါနဲ့ ဆုံးသွားပါတယ်။ အစ်မကို ရောင်းပြီးတာနဲ့ အမေက ကျမကိုထပ်ရောင်းမှာစိုးလို့ ဒီမိန်းကလေး ဂေဟာဆီ လာပို့တာ။ အိမ်ကနေ ထွက်လာတာ အဖေတောင် မသိလိုက်ဘူး”
အခုတော့ အဂေါ အသက်က ၂၅နှစ်၊ ကောလိပ်က ဘွဲ့ရပြီး ဂေဟာမှာပဲ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိန်းကလေး ဂေဟာရဲ့ လက်ထောက်မိခင် ဖြစ်နေပြီ။ အေဂေါက ဆက်ပြောပြသည်။
“ဒီမှာ အားလုံးက ဂရုစိုက်ဖို့ လိုနေတဲ့ မိန်းကလေးတွေကြီးပဲ။ အခါလူမျိုးတွေဟာ မျှော်လင့်ချက်မဲ့စွာနဲ့ နေထိုင်နေကြရတာ။ အစ်မလည်း ကြားမှာပေါ့ စိတ်ပျက်ညီးညူသံတွေ၊ အချို့က ပြည့်တန်ဆာ ရောင်းစားခံရတာ၊ တချို့က အေ့ဒ်စ်ကြောင့် သေကြတာတွေ။ ဒီကိုရောက်လာတဲ့ မိန်းကလေးတွေကတော့ သူတို့ ငယ်ရွယ်နုနယ်မှု ပြန်ရကြတယ်။ နောက်ဘယ်တော့မှ ဒါမျိုးမဖြစ်အောင် မျှော်လင့်ချက် ရနိုင်တယ်လေ”
တစ်ခါက ဘ၀ရဲ့ အခါးသီးဆုံး ဒဏ်ရာဒဏ်ချက်ကို ကြုံတွေ့ခံစားခဲ့ရသည့် မိန်းကလေး တစ်ရာကျော်ကို မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် မိသားစု စိတ်ဓါတ်တို့က ကယ်တင်ပေးထားသည်။ အလားတူ အခြေအနေဆိုးကို ကြုံတွေနေရတဲ့ ကလေးငယ်များအတွက် အကြင်အနာ မေတ္တာ တံခါးဖွင့်ပေးနိုင်ဖို့ ကြိုးစားနေကြသည်။
ရုတ်တရက် တံခါးပွင့်လာပြီး မိန်းကလေးငယ် တစ်အုပ်ကြီး အခန်းထဲ ပြေးဝင်လာသည်။ ကီယာစတင်က အလည်မှာ ဆံပင်ကို သပ်သပ်ယပ်ယပ် နောက်လှန်စီးထားသည်။ သူ့ကို အခြားကလေးမတွေက ၀ိုင်းဖက်ထားကြသည်။ အင်း မိန်းကလေးငယ်တွေက သိပ်မကြာလှတဲ့ အချိန်မှာ အမျိုးသမီးကြီးတွေ ဖြစ်လာကြတော့မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရှေ့မှာ မျှော်လင့်စရာ အနာဂတ်ရှိနေသည်မို့ ပြုံးပျော်နိုင်ကြမှာပဲ။
ကျေးဇူးတင်စိတ်တွေ ကျမရင်ထဲ လွှမ်းခြုံလာသည်။ ကျမသမီးလေးကို ထိုင်းနိုင်ငံ ဒီနေရာ ခေါ်ခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်နေမိသည်။ ဘ၀တလျှောက်လုံးအတွက် သင်ယူစရာ အမှန်တရား တချို့ကို ကီယာစတင် မြင်တွေ့ဖမ်းဆုပ်ခွင့်ရခဲ့လိမ့်မည်။
နောက်ထပ် ညဘက်တွေ ထွက်ကြည့်လိုက်ရင် နာကျင်မှု စက်ဆုတ်ရွံရှာမှုတွေနဲ့ ငိုကြွေးနေမည့် အခြားမိန်းကလေးငယ်ပေါင်း များစွာ ကျန်ရှိနေသေးသည်။ သူတို့ကမ္ဘာလောကရဲ့ ရက်စက်ယုတ်မာမှုကို ဆက်မငိုကြွေးနိုင်တဲ့ မျက်လုံးပေါင်းများစွာလည်း ရှိနေကြဦးမည်။ ကာရာအိုကေဆိုင်တွေ၊ ဘားဆိုင်တွေက မိန်းကလေးငယ်တွေအတွက် အိပ်မက်တွေကော ကျန်ရှိသေးရဲ့လား။
အေဂေါကို ကြည့်လိုက်တော့ ကလေးတွေနှင့် ရယ်မောလျက်။ သူ့ရယ်သံလွင်လွင်က စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ကျမကို ပြောပြနေသလို။ မနက်ဖြန် မိန်းကလေးအချို့ကို အင်တာဗျူး လုပ်စရာရှိနေသးသည်။ ကျမ နှလုံးသား ပိုနာကျင်ဖို့ ရှိနေသေးသည်။ ကနေ့ညတော့ ငွေရှားပေမယ့် ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းတဲ့နေရာ ကျမ ရောက်နေသည်။ ရောင့်ရဲကျေနပ်တဲ့ အပြုံးတွေ ကျမ မြင်နေရသည်။
တိမ်သားမဲ့ ကောင်းကင်ပေါ် လအလင်းရိပ်တက်လာချိန်မှာတော့ ကလေးတွေရဲ့ ရယ်မောသံ ပိုကြားနေရသည်။ ဆံပင်နက်နက် မိန်းကလေးငယ်အချို့ ဘတ်စက်ဘောကစားနေရာမှ ခုန်ပေါက် ပြေးဝင်လာနေသည်။ ကီယာစတင်ကတော့ သူတို့လေးတွေနဲ့ မခွဲချင်အောင် ရှိနေပြီ။ သမီးအတွက် ကျမ ဘယ်လောက်ကြည်နူး ဂုဏ်ယူမိတယ်ဆိုတာ သူ အခုသိပါ့မလား။
ဖြည်းဖြည်းညှင်းညှင်း တိုက်ခတ်လာတဲ့ လေပြေအေးက ပြူတင်းတံခါးကတဆင့် အခန်းထဲ လွှမ်းခြုံသွားသည်။ မွှေးမြမြပန်းရိုင်းတွေရဲ့ ရနံသင်းသင်း ကျမဆီဝင်လာသည်။ တစ်ခဏ ရပ်နားပြီး မှတ်တမ်းတွေ ရေးရဦးမည်။ အခုထိတော့ ထိုင်းနိုင်ငံရဲ့ လှပအေးချမ်းတဲ့ ညကလေးတစ်ညကို ကျမတို့ ပိုင်ဆိုင်ခွင့်ရနေသေးသည်။ ။
Written by ၀င့်ထန်း (ဘာသာပြန်သည်)
(Thailand's Lost Cildren by Janna L.Graber ကို ပြန်ဆိုသည်)
မောက္ခ

Myanmar New Now

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။