2012-06-10
ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန် ပြည်သူများအား မိန့်ခွန်းပြောကြားနေစဉ်။
အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂
ပုဒ်မခွဲ (က) အရ ဇွန်လ (၉) ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်တွင်း
အရေးပေါ်အခြေအနေအဖြစ် သမ္မတက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးစွဲ၊ ဘာသာစွဲ လက်စားချေ တုံ့ပြန်မှုတွေဟာ ကျယ်ပြန့် လာနေတဲ့အတွက် အခြားနေရာဒေသတွေကိုပါ ပျံနှံ့သွားမှာကို စိုးရိမ်မိကြောင်းလည်း သမ္မတဦးသိန်းစိန်က မနေ့က အရေးပေါ်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါအပြင် ယခုကိစ္စကို ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ မီဒီယာစာနယ်ဇင်းတွေအားလုံး ပူးပေါင်းဖြေရှင်းကြဖို့ အထူးလိုအပ်ကြောင်းအပြင် အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြရသူတွေ အတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက်သွားမယ်လို့ သမ္မတ ကပြောပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ ဇွန်လ (၈) ရက်နေ့ ရက်စွဲနဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပေမယ့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပြင် ဇွန်လ (၉) ရက်နေက စစ်တွေမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပြီး တာဝန်ထမ်းဆောင်ရာမှာ တပ်မတော်ရဲ့အကူအညီကို ရယူဆောင်ရွက်မယ်လို့လည်း သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း စစ်တွေမြို့ကို ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ကျော်အောင်က တနင်္လာနေ့ မနက်မှာ အခြေအနေတွေ တည်ငြိမ်နေကြောင်း သတင်းပို့ခဲ့ပါတယ်။
RFA

No comments:
Post a Comment