
ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သော ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
ဒဏ်ရာရ သံဃာတော်များအား သမ္မတရုံးမှ ၀န်ချတောင်းပန်ခဲ့ပြီး သံဃာတော်များကလည်း ကျေနပ် လက်ခံသဖြင့် ဆန္ဒပြမှုများကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ရဟန်းပျိုများ သမဂ္ဂက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့မှ ရန်ကုန်မြို့၌ လက်ပံတောင်းတောင် စီမံကိန်းသပိတ်စခန်းများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုများအား ဝေဖန်ကြသည့် မိဘပြည်သူများလည်း ရှိကြောင်း၊ ယခုအခါ သီတဂူဆရာတော်ကဲ့သို့ သောဆရာတော်ကြီးများမှ ဆန္ဒပြပွဲများမပြုလုပ်ရန် တောင်းဆိုမှုများနှင့်
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်နိုင်ငံ တော်အစိုးရအဖွဲ့ကိုယ်စား သမ္မတ ရုံးဝန်ကြီးတစ်ဦးမှ လက်ပံတောင်းတောင် သပိတ်စခန်းများမှ ဒဏ်ရာရသံဃာတော်များ ၀န်ချတောင်းပန်ခဲ့ပြီး သံဃာတော်များမှလည်း ကျေနပ်လက်ခံသဖြင့် ဆန္ဒပြပွဲများ အား ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့က ကြေညာချက်တစ်စောင်လည်း ယင်းနေ့တွင် ထုတ်ပြန်ခဲ့ရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းများ ဖြိုခွင်းရာ၌ အကြမ်းဖက်မှုနှင့်ပတ် သက်သော ပုဂ္ဂိုလ်များကိုဖော်ထုတ် အရေးယူပေးရေးနှင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သံဃာတော်များဆန္ဒ ထုတ်ဖော်ရာတွင်ဝန်းရံကူညီမှုကြောင့် ဖမ်းဆီးခံရထားရသော ပုဂ္ဂိုလ်များကို အမြန်ဆုံးချွင်းချက်မရှိ ပြန်လွှတ်ပေးရေးတို့ကိုလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
“ဖမ်းဆီးခံထားရသောပုဂ္ဂိုလ်များ ကိုပြန်လွှတ်ပေးရေး။ ဒါနဲ့ပတ်သက်လို့ တစ်ချို့ဒါယိကာ၊ ဒါယိကာမတွေက ဦးဇင်းလွှတ်ပေးပြီးသွားပြီ။ ဦးဇင်း ဘာလုပ်အုန်းမှာလည်းလို့ မေးမြန်း လျှောက်ထားချက်တွေ ရှိပါတယ်။ လွှတ်ပေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ တစ်ချို့ဆိုရင် အာမခံကြေးသိန်းလေးဆယ်။ တစ်ချို့ဆိုရင် ပုဒ်မ ၅၀၀(ခ)ဒီလိုမျိုး တွေတက်ပြီးတော့ မြင်တွေ့ရကြားသိ ရတဲ့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်”ဟု ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့မှ ဦးဝါသေဋ္ဌမှ မိန့်ကြားခဲ့သည်။
ဖြစ်ပျက်ပြီးးခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးအခင်းကိစ္စများနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအမျိုးမျိုး လူပုဂ္ဂိုလ် နှင့် ရဟန်းပညာရှိ အသီးသီးကလည်း ရှုထောင့်ပေါင်းစုံမှ ပြောဆို ရေးသားတင်ပြ ဆွေးနွေးခြင်းများရှိကြောင်း၊ ယခုကိစ္စအား ရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာ သာသနာ ရှုထောင့်ကနေ တင်ပြလိုကြောင်း၊ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာသလို မိမိတို့ရဟန်းတော်များ အနေဖြင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေ ကြသောဒါယိကာ၊ ဒါယိကာမများ၏ နေ့စဉ်အခက်အခဲ ဒုက္ခများကို မျက်ကွယ်မပြုထားနိုင်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့မှ သံဃာတစ်ပါးဖြစ်သော ဦးအရိယဓမ္မ ကမိန့်ကြားခဲ့သည်။
ထို့အပြင် သာသနာထောက်ပံ့နေသော မိဘပြည်သူများသည် မိမိတို့မိဘများပမာ ကျေးဇူးရှိကြောင်း၊ မြတ်စွာဘုရားက ဟောကြားခဲ့သည့် အတိုင်းကျေးဇူးရှိသူများအား တရားဖြင့်ဆက်ပါက မြတ်ကြောင်း၊ ထို့ကြောင့်မြတ်စွာဘုရား၏ တပည့်သာဝကပီပီ တရားသော နည်းလမ်းဖြင့် ကျေးဇူးဆက်ရန်ရည် ရွယ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့ လမ်းတွေပေါ် ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးအရိယဓမ္မ မှပင် ဆက်လက် မိန့်ကြားခဲ့သည်။
Eleven News
No comments:
Post a Comment