
တာချီလိတ်မြို့နှင့် ကျေးရွာများတွင် နေထိုင်ကြသော အာခါတိုင်းရင်းသားများ၏ အာခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်အား ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်မှာ အနယ်နယ် အရပ်ရပ်မှ အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ဆုံတွေ့ကြခြင်းလည်းဖြစ်ပြီး ပွဲတော်တွင် အာခါရိုးရာ အကများ၊ တေးသီချင်းများကို ကျေးရွာအသီးသီးနှင့် နယ်ဝေးအာခါတိုင်းရင်းသားများ ဖျော်ဖြေခဲ့ကြပြီး ခေတ်ပေါ်တေးသီချင်းများကို ညတွင်စည်ကားစွာ ကျင်းပခဲ့သည်။“ကျွန်တော်တို့ရွာက ၁၅ ဦး၊ ဆိုင်ကယ်တွေနဲ့ လာတာပါ။ ညပါ ပွဲတော်ဆင်နွှဲ သွားမှာပါ။ တစ်နှစ်မှ တစ်ခါဆိုတော့ အရမ်းပျော်ပါတယ်” ဟု မိုင်းကိုးအုပ်စု၊ ယာနာတိရွာမှ ဦးအားနက ပြောပြသည်။ လွယ်တော်ခမ်းအုပ်စု၊ ပါခါရွာမှ ကိုအားဂေါကလည်း နှစ်တိုင်းပွဲတော်သို့ မိသားစုဖြင့်
လာရောက်ဆင်နွှဲကြပြီး မိသားစုပွဲတော် ဖြစ်ကြောင်းလည်း ပြောပြသည်။

“အာခါတိုင်းရင်းသား ပွဲတော်တွေက တစ်နှစ်မှာ အများကြီးတော့ ရှိတာပေါ့။ ဒီပွဲတော်တွေက နေရပ်ပေါင်းစုံက အာခါတိုင်းရင်းသားတိုင်း ပါဝင်ဆင်နွှဲတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်တယ်။ ကျိုင်းတုံမှာက ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ကျင်းပမှာပါ။ ဒီက မသွားနိုင်တဲ့လူတွေလည်း ဒီမှာဆုံနိုင်အောင် စောပြီးကျင်းပတာ ဖြစ်ပါတယ်” ဟု အာခါတိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးအားထူက ပြောပြသည်။
ထို့ပြင် အာခါလူကြီး သက်ကြီးရွယ်အိုများ၊ ရွာလူကြီးများကိုလည်း ဖိတ်ခေါ်ကြပြီး အာခါရိုးရာ၊ ယာဉ်ကျေးမှု၊ ထုံးစံဓလေ့များ မပျောက်ပျက်အောင် မည်သို့ထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးပွဲလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာခါတိုင်းရင်းသားများ ပွဲတော်တွင် နိုဆားအိုလူးဟု နှုတ်ဆက်ကြပြီး ချမ်းမြေ့ပါစေဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ ပွဲတော် အဓိကညဖြစ်သော ဒီဇင်ဘာ ၁၉ ရက်နေ့ညတွင် မီးရှူးမီး ပန်းများပစ်ဖောက်ပြီး နှစ်သစ်ကြိုဆိုကြမည်ဖြစ်ကာ ပွဲတော်တွင် အာခါရိုးရာ ၀တ်စုံအရောင်းဆိုင်များ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်၊ ပျော်စရာ ကစားနည်းများ၊ ထိုင်းနိုင်ငံမှ ကလေးကစားစရာနှင့် အစားအစာ ရောင်းချသူများနှင့် ဆိုင်ပေါင်းစုံဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဆုလဏီး
Eleven News
No comments:
Post a Comment